ဆင်ပျံ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီကနေ စတင်ပြီး အသင်းအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ အချိန်ကြာကြာ ရပ်တည်နိုင်ခဲ့သလို ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို သာသာယာယာ ရယူနိုင်ခဲ့သလို ရမှတ် အများအပြားကိုလည်း စုဆောင်းနိုင်ခဲ့ပါတယ်။
Photo Credit : Twitter
မနှစ်က နွေဈေးကွက်မှာ ဂျေဇူး ဇင်ချန်ကိုတို့လို မန်စီးတီး ကစားသမားတွေနဲ့ ဘရိုက်တန်က ထရိုဆက်ဒ် ချယ်လ်ဆီးက ဂျော်ဂျင်ဟိုတို့ကို ခေါ်ယူနိုင်ခဲ့ပြီး ဒီကစားသမားတွေက အာဆင်နယ်အတွက် အလုပ်ဖြစ်ခဲ့ပါတယ်။ အားလုံးထဲမှာတော့ ဇင်ချန်ကိုက ဆင်ပျံတို့အတွက် signing of the year လို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒီလို ကစားသမားသစ်တွေ ခြေစွမ်းပြနေချိန် အသင်းက အဓိက ကြယ်ပွင့်တွေဖြစ်တဲ့ ဆာခါ ဂါဘရီရယ် မာတင်နယ်လီ နဲ့ ရမ်းစ်ဒဲလ်တို့ကိုပါ စာချုပ်သစ်တွေ အသီးသီး ချုပ်ဆိုခဲ့ပြီး ကစားသမားကောင်းတွေကို အသင်းမှာ ကာလရှည် ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
Photo Credit : Clutch Points
ဒီလို ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အသင်းက ပန်းဝင်ခါနီးမှာ အဓိက ကစားသမားတွေ ဒဏ်ရာရမှု ကွင်းလယ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းမှုတွေကို လာမယ့် ရာသီမှာ ပြင်ဆင်ဖို့အတွက် ဝက်စ်ဟမ်းရဲ့ အင်္ဂလန် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ကလပ်စံချိန်တင် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ အရ ခေါ်ယူထားသလို ချယ်လ်ဆီးရဲ့ ဂျာမန် ကြယ်ပွင့် ကိုင် ဟာဗက်ဇ်ကို ခေါ်ယူထားနိုင်ပါတယ်။ ဒါ့အပြင် ခံစစ်မှာ ဗဟိုနေရာရော ညာခြမ်းမှာပါ လိုက်ပါ ကစားနိုင်သူ တင်ဘားကိုပါ ဆေးစစ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
Photo Credit : Arsenal
ဒီလို အားရစရာကောင်းတဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ဆောင်နေချိန်မှာပဲ အာဆင်နယ်က ဒီနွေမှာ အသင်းအတွက် အနာဂတ်ကောင်းတွေ ရှိလာနိုင်တဲ့ နောက်ခံလူ ဆာလီဘာ နဲ့ တောင်ပံ ကစားသမား နယ်လ်ဆန်တို့ကိုပါ စာချုပ်သစ်တွေ ထပ်မံ ချုပ်ဆိုလိုက်ပါသေးတယ်။ ဒါကြောင့် ဒီလို အဓိက ကစားသမားတွေကို အသင်းမှာ ဆက်လက် ထိန်းထားနိုင်မှု အသင်းအတွက် လိုအပ်တဲ့ နေရာအတွက် တကယ့် အရည်အသွေးမြင့် ကစားသမားသစ်တွေ ဖြည့်တင်းထားနိုင်မှုတို့နဲ့ အာဆင်နယ်တို့ ဘာတွေ ဆက်လုပ်ပြသွားနိုင်မလဲဆိုတာ ရင်ခုန်စရာပါ။