ကမ္ဘာတဝှမ်းမှာ ဆယ်ကျော်သက် အချစ်လို နုနယ်ပျိုပျစ်ပြီး တက်ကြွလတ်ဆတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရိုမန့်တစ်ဆန်ဆန် မြို့ကြီးတွေ အများကြီး ရှိပါတယ်။ ချစ်သူလေးနဲ့ ရိုဆန်တဲ့ မြို့ကြီးတွေမှာ နေဝင်ချိန်တွေကို အတူတူဖြတ်သန်းမလား ဒါမှမဟုတ် ဟန်နီးမွန်း ခရီးစဉ်လေးကို အလှတရား စစ်စစ်တွေ ရှာဖွေရင်း ဖြတ်သန်းမလား ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ ဒီဆောင်းပါးလေးမှာတော့ လှတယ် ဆိုတာထက်ကို ပိုတဲ့ ရိုမန့်တစ်အဆန်ဆုံး မြို့တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Carmel-By-The-Sea, California

Carmel-By-The-Sea, California

Photo : Travel + Leisure

ကယ်လီဖိုးနီးယားပြည်နယ်ထဲက အချစ်တွေ ဖုံးလွှမ်းနေတဲ့ မြို့ငယ်လေးလို့ နာမည်ကြီးပါတယ်။ San Jose မြို့ရဲ့ တောင်ဘက် တစ်နာရီခန့် ခရီးဆက်မယ်ဆိုရင် Carmel-By-The-Sea လို့ခေါ်တဲ့ ကမ်းခြေမြို့လေးကို ရောက်ပါလိမ့်မယ်။ ကွေ့ကောက်တဲ့ ကမ်းရိုးတန်းနံဘေးက ကားလမ်းလေး တစ်လျောက် ဖြတ်ကျော်မောင်းနှင်ရင်း မီးပွိုင့်တွေ ၊ ကားတွေနဲ့ ပြေးလွှားလှုပ်ရှားနေတဲ့ မြို့ပြရဲ့မွန်းကြပ်မှုတွေကနေ လွန်မြောက်ပြီး ရှင်းလင်းတဲ့ သဘာဝမြင်ကွင်း ရှု့ခင်းအလှတွေက ဆယ်ကျော်သက် အချစ်ထက်ပိုပြီး လတ်ဆတ်နေတယ်ဆိုတာကို မျက်မြင် ခံစားနိုင်မှာပဲ  ဖြစ်ပါတယ်။ မျက်စိတဆုံး လှပတဲ့ ပစိဖိတ်ပင်လယ်ပြင်ကို ငေးကြည့်ရင်း လိမ္မော်ရောင် သန်းနေတဲ့ နေဝင်ချိန်ကို ချစ်သူလေးနဲ့အတူတူ ရိုမန့်တစ်ဆန်စွာ ကုန်ဆုံးနိုင်ပါတယ်။

(၂) Florence , Italy

Florence , Italy

Photo : Travel + Leisure

အီတလီလို့ ပြောလိုက်ရင် ရိုမန့်တစ်ဆန်မှုတွေ များစွာကိန်းအောင်းနေတဲ့ Venice မြို့ကိုပဲ လူတိုင်း ပြေးမြင်မိကြ ပါလိမ့်မယ်။ တကယ်တော့ Venice နည်းတူ လှပတဲ့ မြို့တွေ အီတလီမှာ အများကြီး ရှိနေပါသေးတယ်။ ဒါကို မယုံဘူးဆိုရင် Florence မြို့ကိုသာ ရောက်အောင်သွားကြည့်လိုက်ပါ။ Florence ဟာ ဖက်ရှင်နဲ့ အနုပညာကို ချစ်မြတ်နိုးသူတိုင်း သွားရောက်သင့်တဲ့ အလှဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ ကမ္ဘာကျော်ထိပ်တန်း ဖက်ရှင်တွေ ၊ ရှေးဟောင်း ပန်းချီ ၊ ပန်းပု ၊ နံရံဆေးရေး အနုပညာလက်ရာတွေနဲ့ အံ့ဩဖွယ် မြို့ပြရဲ့ မြင်ကွင်းအလှတွေက ဆယ်ကျော်သက် တစ်ယောက်လို ရင်ခုန်သံမျိုး ပြန်ရစေမှာ အသေအချာပါပဲ။

(၃) Bruges, Belgium

Bruges, Belgium

Photo : Travel + Leisure

ဥရောပရဲ့ ရှေးအကျဆုံး ကျက်သရေဆောင် ရိုမန့်တစ်မြို့တော်လို့ လူသိများပါတယ်။ ၁၃ ရာစု ကတည်းကရှိခဲ့တဲ့ Gothic ဗိသုကာလက်ရာတွေနဲ့ အလယ်ခေတ်လက်ရာ လမ်းတွေ ၊ တိုက်တာအဆောက်အအုံတွေက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ပြန်ပြောင်းပြောပြနေသလို ခံစားမှုမျိုးကို ပေးစွမ်းနေပါတယ်။ Bruges မြို့ဟာ အနုပညာဆန်တဲ့ မြို့တစ်မြို့အဖြစ် နာမည်ကြီးသလို တစ်မြို့လုံးမှာ ဆယ်ကျော်သက် အချစ်ရဲ့ သင်္ကေတဖြစ်တဲ့ ချောကလက် ဆိုင်လေးတွေလည်း အများကြီး တည်ရှိနေပါတယ်။ ချစ်သူစုံတွဲတွေ အတွက်တော့ အချစ်ရဲ့ လတ်ဆတ်မှု ၊ ရိုမန့်တစ်ဆန်မှုတွေကို ခံစားရင်း အမှတ်တရကောင်းလေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ Bruges မြို့လေးကတော့ မသွားမဖြစ်ပါပဲ။

(၄) Barcelona , Spain

Barcelona , Spain

Photo : Travel + Leisure

စပိန်ရဲ့ ရိုမန့်တစ် အဆန်ဆုံး မြို့တွေထဲက တစ်မြို့ဖြစ်တဲ့ Barcelona ကတော့ ချစ်သူစုံတွဲတိုင်းရဲ့ အိပ်မက်မြို့တော်လို့ ပြောရမှာပါပဲ။ အကွေ့အကောက်များတဲ့ မြို့တွင်းလမ်းလေးတွေ ၊ ခမ်းနားလှပတဲ့ မြို့ပြရှုခင်းတွေအပြင် စပိန်ရဲ့ အရသာအရှိဆုံး အစားအသောက်ကောင်းတွေ ရနိုင်မယ့် မြို့တစ်မြို့ ဖြစ်ပါတယ်။ ဆယ်ကျော်သက် အချစ်လို သိမ့်မွေ့လတ်ဆတ်ပြီး အရောင်အသွေးစုံတဲ့ မြို့ပြလမ်းမတွေထက် ချစ်သူနှစ်ဦး လက်ချင်းချိတ်ပြီး လမ်းလျှောက်ထွက်ရင်း အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်ကောင်းလေးတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Travel + Leisure