လီဗာပူးလ်က ဒီဈေးကွက်ထဲမှာ ချိန်လိုက် ပါသွားလိုက်နဲ့ ချိန်ပါပူးလ် ဖြစ်နေရာကနေ အခုတော့ ကစားသမားတစ်ဦးကို ရုတ်တရက် ချက်ချင်း ဆိုသလို တစ်ခါတည်း ခေါ်ယူလိုက်ပါတယ်။ ဒီကစားသမားကတော့ ဂျပန် ကွင်းလယ် ခံစစ် ကစားသမား ဝါတာရူ အန်ဒိုပါ။ ဂျပန်အသင်းမှာတောင် အသင်းခေါင်းဆောင်အဖြစ် ကစားနေရတဲ့ ဆာမူရိုင်း တစ်ဦးမို့ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။
Photo Credit : Twitter
ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုတို့ ကွင်းလယ် အတွဲ နှစ်ဦး ဆော်ဒီကို အသီးသီး ဒိုးသွားကြတဲ့နောက် လစ်ဟာသွားတဲ့ နေရာအတွက် ကစားသမား ထပ်ခေါ်ဖို့ လိုအပ်လာတဲ့ လီဗာပူးလ်က ပေါင် သန်း(၅၀) ဈေးခေါ်ထားတဲ့ လာဗီယာကို သန်း(၄၀) ပတ်ချာလည်နဲ့ပဲ ကမ်းလှမ်းမှုတွေ လုပ်လိုက် ပယ်ချခံလိုက် ဖြစ်နေချိန် ကစားသမားဟောင်းကြီး ကာရေဂါက ကိုင်စီဒိုကိုပဲ ကမ်းလှမ်းပါ့လားဆိုပြီး တိုက်တွန်းလာတယ်။ ကာရေဂါ စကားကို နားထောင်တာပဲလား ဒီတိုင်း ထကမ်းလှမ်းတာပဲလားဆိုတာ မသိပေမယ့် ကိုင်စီဒိုအတွက် ဗြိတိန် စံချိန်တင်ကြေးနဲ့ တကယ် ကမ်းလှမ်းလာလို့ ဘရိုက်တန်ဘက်ကပင် လက်ခံခဲ့လိုက်ပါသေးတယ်။
Photo Credit : Sky Sports
ဒါပေမယ့် ခက်တာက ကိုင်စီဒို။ သူက ချယ်လ်ဆီး မှ ချယ်လ်ဆီး ဖြစ်နေတာမို့ အန်ဖီးလ်ဆီလာဖို့ အတင်းအကန် ငြင်းဆန်ရာကနေ နောက်ဆုံး ချယ်လ်ဆီး ကစားသမားသာ ဖြစ်သွားသလို ပစ်မှတ်ဟောင်း လာဗီယာကလည်း ကိုင်စီဒို အန်ဇိုတို့နဲ့အတူ ချယ်လ်ဆီး ကွင်းလယ်မှာ အသုံးတော်ခံဖို့ လစ်သွားပြန်လေပါတယ်။ ဒီအချိန်မှာ တခြား ပစ်မှတ်တွေကို လိုက်ပြန်ရင်လည်း အသံကြားတာနဲ့ ဖြတ်လုမယ့် အသင်းတွေက ရှိနေသေးတော့ တိုးတိုးတိတ်တိတ်လေး ကြိတ်လှုပ်ရှားရင်း အာရှသားတစ်ဦးကို ရုတ်တရက် ကောက်ခေါ်လိုက်ပါတယ်။
Photo Credit : Transfermarket
ဒီကစားသမားက အသက် (၃၀)အရွယ်ရှိ စတုဂတ် DM အန်ဒိုပါ။ စတုဂတ်နဲ့ ဘွန်ဒက်စ်လီဂါ (၃)ရာသီ ကျင်လည်ထားခဲ့ပြီး ဂျပန်အသင်းအတွက်လည်း ပွဲပေါင်း (၅၀)လောက်အထိ ကစားပေးထားနိုင်တဲ့ ကစားသမားတစ်ဦးပါ။ လီဗာပူးလ်က အန်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၉)သန်းလောက် သုံးစွဲခဲ့တယ်။ Pundit တွေကတော့ ဒီအပြောင်းအရွှေ့ကို smart ဖြစ်လွန်းတယ်လို့ ယူဆနေပေမယ့် လီဗာပူးလ် ပရိသတ်တွေကတော့ ပစ်မှတ်တွေထဲကမှ အာရှသား တစ်ဦးကိုသာ ရွေးချယ် ခေါ်ယူခဲ့တဲ့ အသင်းရဲ့ လုပ်ရပ်ကို သိပ် သဘောမတွေ့ပဲ ဖြစ်နေကြပါတယ်။
Featured Photo : Youtube