ဆာဒီယို မာနေး ဟာ သူ့ရဲ့မွေးရပ်မြေက ဆီနီဂေါ ပြည်သူတွေရဲ့ အလိုဆန္ဒအတိုင်း လီဗာပူးအသင်းကနေ ထွက်ခွာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာကြောင့် သတင်းထောက်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

မာနေးဟာ ယခုနွေရာသီမှာ အန်းဖီးလ်ကနေ ထွက်ခွာဖို့ အပြင်းအထန်ချိတ်ဆက်နေပြီး ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Photo : Sky Sports

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး တိတိကျကျ ပြောကြားခြင်း မရှိသေးပေမယ့် သောကြာနေ့က ဆီနီဂေါအသင်းနဲ့ နိုင်ငံတကာအသင်းအတွက် တာဝန်ယူစဉ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မာနေးက လီဗာပူးနဲ့ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေက နီးကပ်နေပြီဖြစ်ကြောင်း အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။

” ကျွန်တော် လီဗာပူး ပရိသတ်တွေနဲ့ အသင်းကို လေးစားပါတယ် ၊ ဒါပေမယ့် ဆီနီဂေါ ပြည်သူရဲ့ ၆၀ – ၇၀ ရာခိုင်နှုန်းလောက်က ကျွန်တော့်ကို လီဗာပူးကနေ ထွက်ခွာစေချင်နေတာလား ၊ ဒါဆို သူတို့ဆန္ဒအတိုင်း ကျွန်တော်လုပ်ပါမယ်” လို့ ပြောခဲ့ပါတယ်။

မာနေးအား စနေနေ့မှာ ဘီနင်နဲ့ကစားရမယ့် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲမတိုင်မီ အနာဂတ်အကြောင်း မေးမြန်းခဲ့တာ ဖြစ်ပြီး ၎င်းရဲ့တုံ့ပြန်မှုအရ လီဗာပူးကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတယ်လို့ နားလည်ရပါတယ်။

မာနေးဟာ လီဗာပူးမှာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိလာပြီဖြစ်ပြီး သူ့ရဲ့ အနာဂတ်ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ ဆီနီဂေါမှာရှိတဲ့ ပရိသတ်တွေကို ပျော်ရွှင်စေချင်ပုံ ရပါတယ်။

Sportsmail ရဲ့ ဖော်ပြချက်အရ မာနေးဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဘွန်ဒက်စ်လီဂါအသင်းကလည်း မာနေးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo : Yahoo Finance

ဘိုင်ယန်မြူးနစ်အသင်းဟာ မာနေးကို ရောဘတ် လီဝန်ဒေါစကီးနဲ့ တွဲကစားစေလိုတာဖြစ်ပြီး ဘာစီလိုနာကို ပြောင်းရွေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ပိုလန်သားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဘိုင်ယန်ရဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ်ဟာ မာနေးကို တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်း အထိပေးကာ ကမ်းလှမ်းထားပြီး ဒါဟာ ဆီနီဂေါတိုက်စစ်မှူးအတွက် မက်လောက်စရာ ကမ်းလှမ်းမှုတစ်ခု ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း မာနေးရဲ့ အခြေအနေကို စောင့်ကြည့်နေပေမယ့် မာနေးကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွေ့ဖို့ ပိုပြီးစိတ်ဝင်စားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Featured Photo : Sports Illustrated