ဆီးကျိတ်ကင်ဆာ ဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေပြားကင်ဆာပြီးရင် ဒုတိယမြောက် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဟာ ဆီးကျိတ်ကင်ဆာ ပါပဲ။ ဆီးကျိတ်ကင်ဆာအကြောင်းမပြောခင် ဆီးကျိတ်ဆိုတာဘာလဲ အရင်ရှင်းပြပေးချင်ပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာရှိတဲ့ သစ်ကြားသီးအရွယ် ဂလင်းတစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ သုက်ရည်ထဲမှာ သုက်ပိုးတွေကို လျင်လျင်မြန်မြန် လှုပ်ရှားသွားလာနိုင်စေဖို့ အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။  ဆီးကျိတ်အတွင်းက ဆဲလ်တွေ တဖြည်းဖြည်း ကြီးထွားခြင်းက ဆီးကျိတ်ကင်ဆာကို ဖြစ်စေတာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ တဖြည်းဖြည်းချင်းပဲ ကြီးထွားလာတက်ပြီး အစောပိုင်းမှာ သိသာထင်ရှားတဲ့လက္ခဏာမျိုး ပြလေ့မရှိပါဘူး။ ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ရောဂါပြင်းထန်တက်ပြီး ကုသမှု မခံယူပါက ကင်ဆာဆဲလ်ပြန့်ပွားမှုနှုန်း အလွန်လျင်မြန်နိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာများ

Photo : WebMD

ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအခြေအနေမှာ သိပ်ပြီး သိသာထင်ရှားတဲ့ လက္ခဏာတွေ ပြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အခုပြောပြမယ့် လက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။

  • အထူးသဖြင့် ညဘက်မှာ မကြာခဏ ဆီးသွားခြင်း
  • ဆီးသွားရခက်ခဲခြင်း
  • ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးကျန်ခြင်း
  • ဆီးသွားစဉ် သို့မဟုတ် သုက်လွှတ်စဉ်မှာ နာကျင်မှု ခံစားရခြင်း
  • ဆီး သို့မဟုတ် သုတ်ရည်မှာ သွေးပါခြင်း

ရောဂါအခြေအနေ ပြင်းထန်ပါက ကျောအောက်ပိုင်း ၊ တင်ပါးနဲ့ ပေါင်အပေါ်ပိုင်းနေရာတွေမှာ စူးစူးနင့်နင့် နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။

ဆီးကျိတ်ရောင်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာဟာ တူပါသလား

Photo : WebMD

အမျိုးသားတွေရဲ့ ဆီးကျိတ်ဟာ အသက်ကြီးလာတာနဲ့အမျှ ကြီးထွားလာတက်ပါတယ်။ တစ်ခါတစ်ရံမှာ ဆီးအိမ် သို့မဟုတ် ဆီးလမ်းကြောင်းကို ဖိမိတာနဲ့ ဆီးကျိတ်ကင်ဆာလို လက္ခဏာတွေ ဖြစ်ပေါ်စေတက်ပါတယ်။ ဒီဖြစ်စဉ်ကို အပျော့စား ဆီးကျိတ်ပြဿနာ Hyperplasia (BPH) လို့ခေါ်ပါတယ်။ ဒါဟာ ဆီးကျိတ်ကင်ဆာ မဟုတ်ပါဘူး။ ဆေးဝါးကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ ဆီးကျိတ်နဲ့ဆိုင်တဲ့ နောက် ထပ်ရောဂါအခြေအနေတစ်ခုကတော့ ဆီးကျိတ်ရောင်ခြင်း ဖြစ်ပါတယ်။ ဆေးကျိတ်ရောင်ရမ်းခြင်းဟာ ဆီးလမ်းကြောင်းကနေတဆင့် ရောဂါပိုးမွှားတွေ ဆီးကြိတ်ထဲဝင်ရောက်လာခြင်းကြောင့် ဖြစ်နိုင်ပြီး များသောအားဖြင့် ဆေးကုသမှု ခံယူရင် ပျောက်ကင်းသက်သာ စေနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာနဲ့ အသက်အရွယ်

Photo : WebMD

ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဖြစ်ပွားနိုင်ပြီးအထူးသဖြင့် အသက် ၅၀ နောက်ပိုင်းမှာ ပိုပြီးအန္တရာယ်အကြီးဆုံး ဖြစ်ပါတယ်။ အသက် ၇၀ နောက်ပိုင်း အမျိုးသားတွေမှာ ၃၁ ရာခိုင်နှုန်း ၈၃ ရာခိုင်နှုန်းအထိဟာ အပြင်ပန်းလက္ခဏာတွေ မပြပေမယ့်လည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ မျိုးရိုးရှိတယ်ဆိုရင် ပိုသတိထားဖို့လိုပြီး ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၂ ဆ ပိုများပါတယ်။ အာဖရိကန် – အမေရိကန်အမျိုးသားတွေနဲ့ အာဖရိကနွယ်ဖွား ကာရေဘီယံအမျိုးသားတွေဟာ ကမ္ဘာပေါ်မှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာကို ဘယ်လိုထိန်းချုပ်မလဲ

Photo : WebMD

ဆီးကျိတ်ကင်ဆာဟာ အစားအသောက် ၊ နေထိုင်မှုပုံစံတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အဓိကအားဖြင့် အသားနဲ့ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် မကျန်းမာတဲ့အဆီဓာတ်တွေနဲ့ အနီရောင်အသားကရတဲ့ တိရစ္ဆာန်အဆီတွေဟာ အမျိုးသားဟော်မုန်းအဆင့်ကို မြှင့်တင်ပေးပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဆီးကျိတ်ဆဲလ်တွေရဲ့ ကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။ ဒီကနေတဆင့် ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခံတာ ၊ ဟင်း သီးဟင်းရွက် အစားနည်းတာ ၊ ဆေးလိပ်အလွန်အကျွံ သောက်သုံးတာတွေကလည်း ကင်ဆာဖြစ်နိုင်ခြေကို တိုးစေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာနဲ့ ပတ်သတ်ပြီး မှားယွင်းသော အယူအဆများ


Photo : WebMD

ဆီးကျိတ်ကင်ဆာနဲ့ ပတ်သတ်ပြီး မှားယွင်းစွာ မှတ်ယူလေ့ရှိတဲ့ အချက်တွေ ရှိပါတယ်။ ဒါကတော့ အလွန်အကျွံလိင်ဆက်ဆံခြင်း ၊ ခွဲစိတ်ကုသမှုခံယူခြင်းနဲ့ တစ်ကိုယ်ရည်အာသာဖြေခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ဆီးကျိတ်ဆင်ကာ မဖြစ်နိုင်ပါဘူး။ နောက်ပြီး ဆီးကျိတ်ကြီးခြင်းဟာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ မှတ်ယူလို့ မရပါဘူး။ ကျန်းမာတဲ့နေထိုင်မှုပုံစံတစ်ခု မွေးမြူမယ်ဆိုရင် ဆီးကျိတ်ကြီးခြင်း ပြဿနာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။

Featured Photo : Keck Medicine of USC