ဆောင်းရာသီ သည် အားကစား ပြုလုပ်လို့ အကောင်းဆုံး အချိန်ရာသီတစ်ခုပဲ ဖြစ်ပါတယ်။ နွေရာသီလိုလည်း ပူအိုက်နေတာမျိုးမဟုတ်တော့ အားကစားလုပ်တဲ့အခါ ချွေးပြိုင်းပြိုင်း ကျမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ မိုးရာသီလိုလည်း စိုစွတ်မနေတာကြောင့် စိတ်အေးချမ်းသာစွာနဲ့ အားကစား ပြုလုပ်နိုင်ပါတယ်။
ဆောင်းရာသီ မှာ ပြုလုပ်နိုင်တဲ့ အားကစား များကလည်း အများအပြားရှိပါတယ်။ ကွီးတို့အနေနဲ့ ဆောင်းရာသီ မှာ ဘယ်လို အားကစား မျိုး ပြုလုပ်နိုင်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် ဆက်လက်လေ့လာနိုင်ပါတယ်။
လမ်းလျှောက်ခြင်း
ဆောင်းတွင်း မနက်ခင်းအချိန်အခါလေးသည် ချမ်းစိမ့်စိမ့်လေးနဲ့ နေလို့ထိုင်လို့ အင်မတန်မှ ကောင်းပါတယ်။ ထိုမနက်ခင်းအချိန်လေးမှာ လမ်းလျှောက်ခြင်းကို ပြုလုပ်မယ်ဆိုရင်တော့ တစ်နေ့တာလုံး နေလို့ထိုင်လို့ ကောင်းသွားစေမှာပါ။ တစ်ယောက်တည်း လမ်းလျှောက်တာထက် သူငယ်ချင်း အုပ်စုဖွဲ့ကာ လမ်းလျှောက်မယ်ဆိုရင်တော့ ပိုပြီး ပျော်ရွှင်ဖို့ကောင်းသလို မနက်ခင်း ဝေလီဝေလင်းအချိန်အခါမျိုးဆိုရင် ပိုပြီး အန္တရာယ် ကင်းပါတယ်။
တောင်တက်ခြင်း

တောင်တက်အားကစားသည်လည်း အဖွဲ့လိုက် လုပ်ဆောင်လို့ကောင်းပြီး ဆောင်းရာသီနှင့် လိုက်ဖက်တဲ့ အားကစားတစ်ခုပဲ ဖြစ်ပါတယ်။ တောင်တန်းတွေရှိတဲ့ နေရာတွေဆီ ခရီးထွက်ရင်း တောင်တက်မယ်ဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ခရီးလည်း ထွက်ဖြစ် ၊ အားကစားလည်း လုပ်ဖြစ်သွားပါလိမ့်မယ်။
စက်ဘီးစီးခြင်း

ဆောင်းတွင်း မနက်ခင်းက ချမ်းက ချမ်းနဲ့ ဘယ်လိုလုပ် စက်ဘီးစီးနိုင်မှာတုန်း ဆိုပြီး မေးဖွယ်ရာ ရှိလာပါလိမ့်မယ်။ အချမ်းဒဏ်ကို မခံနိုင်ဘူးဆိုသူများအနေနဲ့ အပေါ်ကနေ အနွေးထည် တစ်ထပ် ထပ်ဝတ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အိမ်တွင်း အထိုင်စက်ဘီးလေး စီးကာ လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါသေးတယ်။
လက်ဝှေ့ထိုးခြင်း

လက်ဝှေ့အားကစားကတော့ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အားကစားများထဲက တစ်ခုအပါအဝင်ပါပဲ။ လက်ဝှေ့အားကစား ပြုလုပ်တဲ့အခါ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းသွားစေပြီး တစ်နေ့တာလုံး နေလို့ ထိုင်လို့ ကောင်းသွားစေပါတယ်။ ကွီးတို့အနေနဲ့ လက်ဝှေ့ထိုးခြင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားမယ်ဆိုရင် ကိုယ်ခံပညာတစ်ခုကို ကျွမ်းကျင်တတ်မြောက်သွားတာနဲ့ အတူတူပါပဲ။
နှင်းလျှောစီးခြင်း

ဒီအားကစားကတော့ မြန်မာနိုင်ငံမှာ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ ချမ်းအေးတဲ့ နိုင်ငံများဆိသို့ အလည်တစ်ခေါက် ရောက်ဖြစ်တဲ့အခါ နှင်းလျှောစီးခြင်း အားကစားကို ပြုလုပ်သင့်ပါတယ်။ အတွေ့အကြုံကောင်းတစ်ခု ရမှာကတော့ အသေအချာပါပဲ။
Source: Everydayhealth
Featured Image: Freepik

