ဥရောပ ဘောလုံးရပ်ဝန်းက နာမည်ကျော် ထိပ်တန်း ဘောလုံးသမားတွေကို မက်မောလောက်စရာ လုပ်ခလစာတွေ အကျိုးခံစားခွင့်တွေနဲ့အတူ ရှယ်ခေါ်ယူနေတဲ့ ဆော်ဒီလိဂ် ကလပ်အသင်းတွေရဲ့ ကြိုးပမ်းမှုတွေက အရာထင်လာခဲ့ပေမယ့် တချို့ကစားသမားတွေကတော့ ငွေနောက်လိုက်ဖို့ စိတ်ကူးမရှိပဲ ဥရောပမှာသာ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့သာ ရွေးချယ်ခဲ့ပါတယ်။ ဒီကစားသမားတွေထဲမှာ ဆွန်ဟောင်မင် လူကာကူ နဲ့ အခု လီဝန် ဒေါစကီးပါ ပါဝင်လာခဲ့ပါတယ်။
Photo Credit : Barca Blaguranes
ဆော်ဒီလိဂ်က ကလပ်အသင်းတွေဟာ ဒီနောက်ပိုင်းမှာ free agents ဖြစ်နေတဲ့ players ကြီးတွေကိုသာ ခေါ်ယူလာတာ မဟုတ်ပဲ လက်ရှိ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားတွေကိုပါ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့တင် ကမ်းလှမ်းလာတာတွေတောင် ရှိလာခဲ့ပါတယ်။ အခုလည်း ဘာစီလိုနာက ပိုလန် ဂိုးသမားကြီး ရောဘတ် လီဝန် ဒေါစကီးကို ဆော်ဒီ ကလပ်အသင်း တစ်သင်းက တစ်နှစ်ကို ယူရို သန်း(၁၅၀)နဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုကြီးတစ်ခု ပြုလုပ်လာခဲ့ရာ ဒီကမ်းလှမ်းမှုကို လီဝန်ဘက်က ပယ်ချသွားခဲ့ပါတယ်။
Photo Credit : FC Barcelona Noticias
အသက် (၃၄)နှစ်အရွယ်ရှိ ပိုလန် လက်ရွေးစင် တိုက်စစ် ကစားသမားကြီး လီဝန် ဒေါစကီးက ပြီးခဲ့တဲ့ နွေကမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ဘာကာ ကစားသမားဘဝ ပွဲဦးထွက်မှာပဲ အသင်းနဲ့အတူ လာလီဂါဖလား နဲ့ စပိန် စူပါဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့သလို လာလီဂါရဲ့ ဂိုးသွင်းအများဆုံးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးက လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အမည်ဖော်ပြထားခြင်း မရှိတဲ့ ဆော်ဒီ ကလပ်အသင်းက တစ်နှစ်လုပ်ခ ယူရို သန်း(၁၅၀)လောက်အထိနဲ့ ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Marca
လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းမှာ တစ်နှစ်လုပ်ခ ယူရို (၁၃)သန်းသာ ရရှိနေတာ ဖြစ်ပေမယ့် အခုလို အဆပေါင်းများစွာ ကွာဟနေတဲ့ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကိုတော့ လက်ခံသွားဖို့ ဆန္ဒမရှိပဲ ဘာစီလိုနာအသင်းမှာသာ သူရဲ့ကစားသမားဘဝကို အဆုံးသတ်သွားဖွယ်သာ ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ လီဝန် ဒေါစကီးဟာ ဆော်ဒီရဲ့ ကမ်းလှမ်းမှုတွေကို စိတ်မဝင်စားပဲ လာမယ့် ဘောလုံးရာသီအတွက်ကိုသာ အာရုံစိုက်လျက် ရှိနေပါတယ်။
Featured Photo : Clutch Points