ချယ်လ်ဆီး အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ၊ ဂိုးသမား အက်ဒွါ မန်ဒီ နဲ့ တောင်ပံကစားသမား ဟာကင် ဇီယက်ရှ်တို့ဟာ ဆော်ဒီစူပါလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ကလပ်အသင်းတွေဆီကို တန်းစီပြီး ပြောင်းရွှေ့သွားခဲ့ကြပြီပဲ ဖြစ်ပါတယ်။
Photo Credit : talkSPORT
ဒီဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို ခပ်ကြမ်းကြမ်းလေး လုပ်ဆောင်နေတဲ့ ဆော်ဒီကလပ်အသင်းတွေက အခုလည်း ချယ်လ်ဆီး အသင်းတွေရဲ့ ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ရော ပြောင်းရွှေ့ကြေး အပါအဝင်နဲ့ပါ ခေါ်ယူထားကြပါတယ်။ ပထမဆုံးတော့ လက်ရှိ ဆော်ဒီလိဂ်ရဲ့ ချန်ပီယံ အယ်လ် အီတီဟတ်ဒ်အသင်းက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ ပြင်သစ် ကွင်းလယ်လူ ကန်တေကို free transfer နဲ့ ခေါ်ယူခဲ့ပြီး တစ်နှစ်လုပ်ခ ယူရို (၂၅)သန်းနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ အယ်လ် အီတီဟတ်ဒ်အသင်းက ကန်တေကို မခေါ်ယူခင်မှာ ကန်တေနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ Ballon d’Or ဆုရှင်ဟောင်း ကာရန် ဘန်ဇီမာကိုလည်း အသင်းဆီ ခေါ်ယူထားခဲ့ပါသေးတယ်။
Photo Credit : Fabrizio Romano
နောက်တစ်သင်းကတော့ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိရာ အယ်လ် နာဆာက ချယ်လ်ဆီး ရဲ့ မော်ရိုကို တောင်ပံ ကစားသမား ဇီယက်ရှ်ကို (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇီယက်ရှ်ကတော့ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်လို့ အယ်လ် နာဆာက ဇီယက်ရှ်အတွက်ကို ပြောင်းရွှေ့ကြေးတချို့ အသုံးပြုပြီး ကမ်းလှမ်းခဲ့ရတာဖြစ်ကာ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
Photo Credit : Fabrizio Romano
နောက်တစ်ယောက်ကတော့ ချယ်လ်ဆီး ရဲ့ ရေဘဝဲကြီးလို့ တင်စားခံထားရသူ ဆီနီဂေါ ဂိုးသမား မန်ဒီပါ။ မန်ဒီကိုလည်း ဆော်ဒီကလပ် အယ်လ် အာလီအသင်းက ပြောင်းရွှေ့ကြေး အပါအဝင်နဲ့ ကမ်းလှမ်းထားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ကစားသမားဘက်ကရော အသင်းဘက်ကပါ သဘောတူညီလိုက်ပြီဖြစ်လို့ မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ဒီရဲ့ လက်ရွေးစင် နဲ့ ကလပ်အသင်းဖော် ကူလီဘလီဟာလည်း အယ်လ် ဟီလယ်ကို ပြောင်းရွှေ့့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
Featured Photo : Twitter