“ဆေးလိပ်သောက်ခြင်း သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်” ဒီစကားစုလေးကို လူတိုင်းကြားဖူးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ် ဆေးလိပ်/စီးကရက်တွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို အင်မတန် ဆိုးကျိုးဖြစ်စေပါတယ်။ ဒါထက်ပိုဆိုးတာက သင်ဟာ ယောကျာ်းသား တစ်ယောက်ဖြစ်ပါက ဆေးလိပ် ဟာ ကျားကျန်းမာရေးအပေါ်မှာပါ များစွာ ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်တာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသားတို့ရဲ့ ကျားကျန်းမာရေး/လိင်မှုစွမ်းဆောင်ရည်တွေအပေါ် ဘယ်လောက်အထိ ဆိုးကျိုးထိခိုက်စေနိုင်လဲဆိုတာ ပြောပြပေးပါမယ်။

(၁) လိင်စိတ်လျော့ကျစေတယ်

couple

Photo : South China Morning Post

လေ့လာမှုတွေအရ ပျမ်းမျှအားဖြင့် ဆေးလိပ်သောက်သုံးလေ့ရှိတဲ့ အမျိုးသားတွေဟာ ဆေးလိပ်မသောက်သူတွေထက် လိင်စိတ်ဆန္ဒ နည်းပါးတယ်လို့ ဆိုပါတယ်။ ဆေးလိပ်ဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ Sex Drive အပေါ်  သက်ရောက်မှု ရှိစေတာပါ။ ရေရှည်ဆေးလိပ်သောက်မယ်ဆိုရင် တက်စတိုစတီရုန်း (အမျိုးသား) နဲ့ အီစတိုဂျင် (အမျိုးသမီး) ဟော်မုန်း Level ကိုပါ နိမ့်ကျစေနိုင်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။

(၂) အထွတ်အထိပ် ခံစားမှုအရသာကို ပျက်စီးစေတယ်

legs

Photo : Balanced Medical Solutions

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်တွေဟာ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး သွေးကြောတွေကို တင်းကြပ်စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ဆေးလိပ်သောက်သူတွေဟာ ကိုယ်တိုင်ရော ကိုယ့်ရဲ့ဆက်ဆံဖော်အတွက်ပါ အော်ဂဇင်ရအောင် စွမ်းဆောင်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ သတင်းကောင်းအနေနဲ့ကတော့ ဆေးလိပ်ဖြတ်လိုက်တာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ သွေးစီးဆင်းမှုကို ပြန်လည်ကောင်းမွန်စေပြီး အာရုံခံစားနိုင်စွမ်းကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။

(၃) ပန်းသေပန်းညိုး ဖြစ်စေနိုင်တယ်

couple

Photo : Alpha Hormones

ဆေးရွက်ကြီးနဲ့ နီကိုတင်းဓာတ်တွေဟာ သွေးကြောတွေကို ကျုံ့သွားစေပြီး သွေးလည်ပတ်မှု ကို အားနည်းစေပါတယ်။ အမျိုးသားတွေမှာ သဘာဝအတိုင်း လိင်အင်္ဂါကောင်းစွာထောင်မတ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့သွေးလည်ပတ်မှုရှိဖို့ အရေးကြီးပါတယ်။ ဆေးလိပ်သောက်သူတွေအနေနဲ့ လိင်အင်္ဂါကမောက်ကမဖြစ်မှု ပိုပြီးအဖြစ်များသလို ဆေးလိပ် မသောက်သူတွေထက်လည်း လိင်အင်္ဂါထောင်မတ်နိုင်ဖို့ အချိန်ပိုကြာတတ်ပါတယ်။

(၄) ကြာကြာစွမ်းဆောင်ဖို့ ခက်ခဲနိုင်တယ်

couple

Photo : Yahoo Life UK

ဆေးလိပ်သောက်တဲ့ အမျိုးသားတွေအနေနဲ့ အိပ်ရာထက်မှာ ကြာကြာအစွမ်းပြဖို့ ခက်ခဲပါတယ်။ နီကိုတင်းဓာတ်ဟာ အဆုတ်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်စီးဆင်းမှုကို အားနည်းစေတဲ့အတွက် အမောမခံနိုင်တာ ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ အကယ်၍ ဆေးလိပ် ဖြတ်လိုက်မယ်ဆိုရင်တော့ ၂ ပတ်ကနေ ၁၂ ပတ်အတွင်း သွေးလည်ပတ်မှု ပိုကောင်းလာမှာဖြစ်ပြီး Stamina ကောင်းကောင်းနဲ့ အိပ်ရာထက်မှာ အစွမ်းပြနိုင်မှာဖြစ်သလို လမ်းလျှောက်ခြင်း ၊ ပြေးခြင်းအပါအဝင် နေ့စဉ်ပြုလုပ်ရမယ့် ကိုယ်လက်လှုပ်ရှားမှုအားလုံးကို ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။

(၅) ဆွဲဆောင်မှုကျဆင်းစေတယ်

Photo : Chicago Health Magazine

ဆေးလိပ် သောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု မြန်ဆန်စေခြင်း ၊ အသားအရေ မွဲခြောက်ခြင်း ၊ ဆံပင်ဖြူ ပေါက်ခြင်း အပါအဝင် ခံတွင်းရနံ့ဆိုးနဲ့ ကိုယ်နံ့ဆိုးတွေကို ထွက်စေတာ ဖြစ်ပါတယ်။ ဒီအချက်တွေက သင့်ကို အိပ်ရာထက်မှာ ဘယ်လောက်အထိ ဆွဲဆောင်မှု လျော့ကျစေမလဲဆိုတာ ပြေးမကြည့်ပဲ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ကို တက်နိုင်သမျှ အပြတ်ဖြတ်တာဟာ အဘက်ဘက်ကနေ ကောင်းမွန်ခြင်းတွေကို သယ်ဆောင်လာမယ့် အဖြေတစ်ခုဆိုတာ သေချာပါတယ်။

ကွီးတို့ရော ဆေးလိပ်ပုံမှန် သောက်ဖြစ်သူတစ်ယောက်လား , ဆေးလိပ်ဖြတ်ဖို့ရော စိတ်ကူးရှိပြီလား???

Featured Photo : Ironwood Urology