ဆေးလိပ်သောက်ခြင်းက ယေဘုယျအားဖြင့် ကျန်းမာရေး အတွက် မကောင်းဘူးဆိုတာ လူတိုင်းလိုလို သိထားပြီးသား ဖြစ်ပါတယ်။ ဆေးလိပ် သောက်တာက ကိုယ်တိုင်လည်း ကျန်းမာရေး ဆိုးကျိုးတွေ ခံစားရနိုင်သလို ကိုယ့်အနီးပတ်ဝန်းကျင်က လူတွေကိုလည်း တဆင့်ခံ ဆေးလိပ်ငွေ့ ရှုမိသူတွေအဖြစ်နဲ့ ရောဂါတွေဖြန့်ဝေပေးနေရာ ရောက်ပါတယ်။ ဆေးလိပ် ငွေ့မှာ ထောင်ပေါင်းများစွာသော ဓာတုပစ္စည်းတွေ ပါဝင်နေပြီး အဲ့ဒီထဲက ဓာတုပစ္စည်းအမျိုးပေါင်း ၆၀ ကျော်လောက်က ကင်ဆာရောဂါကို ဖြစ်စေတယ်လို့ ဆေးဘက်ဆိုင်ရာ အထောက်အထားတွေမှာ ဖော်ပြထားပါတယ်။ နီကိုတင်းဓာတ်ဟာ ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းများစွာထဲက တစ်ခုဖြစ်ပြီး အဆိုပါ နီကိုတင်းဓာတ်က ဆေးလိပ်စွဲလန်းမှုကို ဖြစ်စေတဲ့ အဓိကတရားခံ ဖြစ်ပါတယ်။

နောက်ထပ် ဆေးလိပ်မှာ ကတ္တရာစေး ၊ ဟိုက်ဒရိုကာဗွန် ၊ ကက်မီယမ်၊ ဘီရီလီယံ ၊ ခဲနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာနဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့ သတ္တုတွေများစွာ ပါဝင်တာဘဲ ဖြစ်ပါတယ်။ ဆေးလိပ်ကို စွဲစွဲလန်းလန်း သောက်သုံးလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ နာတာရှည်ရောဂါ အခြေအနေတွေပါ ကြုံတွေ့ ခံစားလာရနိုင်ပါတယ်။ ဒီတစ်ခေါက် ဆောင်းပါးမှာတော့ ကွီးတို့သိထားသင့်တဲ့ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အမျိုးသားတွေရဲ့ ကျန်းမာရေး အန္တရာယ်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အမျိုးအစား ၂ ဆီးချိုရောဂါ (Type 2 Diabetes)

Photo : Nursing Times

ဆေးဘက်ဆိုင်ရာ အထောက်အထားတွေအရ ဆေးလိပ်သောက်ခြင်းဟာ အမျိုးအစား ၂ ဆီးချိုရောဂါ (Type 2 Diabetes) ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင်လေ့လာမှုတွေအရလည်း ဆေးလိပ်သောက်သုံးသူတွေဟာ ဆေးလိပ်မသောက်တဲ့သူတွေထက် အမျိုးအစား ၂ ဆီးချိုရောဂါ (Type 2 Diabetes) ဖြစ်နိုင်ခြေ ၃၀ – ၄၀ ရာခိုင်နှုန်းပိုများပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးမြင့်လာစေတဲ့အပြင် ဆီးချိုရောဂါနဲ့ ဆက်စပ်ပြီး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကိုလည်း ထိခိုက်ပျက်စီးမှု သိသိသာသာပိုများစေမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆေးလိပ်သောက်တဲ့ ဆီးချိုဝေဒနာရှင်တွေမှာ နှလုံးနဲ့ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေလည်း ပိုများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၂) အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

Photo : Facty Health

ဆေးလိပ် မီးခိုးငွေ့မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အဆုတ်အတွင်းရှိ ဆဲလ်တွေကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းနဲ့ လေပြွန်ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ လေပြွန်ရောင်ရမ်းခြင်းနဲ့ အဆုတ်ကင်ဆာ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများစွာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်ငွေ့ဟာ အဆုတ်ရဲ့ တစ်ရှုးတွေကို ပျက်စီးစေပြီး လေပြွန်ကို တဖြည်းဖြည်းကျဉ်းလာစေတဲ့အတွက် အဆုတ်ထဲက အောက်ဆီဂျင်ကောင်းကောင်းမရတာ ၊ အသက်ရှူရခက်ခဲတာ ၊ ရင်ဘတ်အောင့်တာ ၊ မကြာခဏချောင်းဆိုးတာနဲ့ အဆုတ်ပိုးဝင်ခြင်းစတဲ့ ရောဂါအခြေအနေတွေလည်း ဖြစ်ပေါ်တက်ပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ

Photo : Diabetes UK

ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်သုံးခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုမျိုး ရှိစေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်က ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို ဖြစ်စေပြီး ဦးနှောက်စွမ်းရည်ကို  ကျဆင်းစေပါတယ်။

ဆေးလိပ် ကိုစွဲစွဲလန်းလန်းသောက်သုံးသူတွေဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု များခြင်းတွေလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ပိုပြီးအဖြစ်များကြောင်း အထောက်အထားတွေအရ အခိုင်အမာဆိုထားပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေနဲ့ နှိုင်းယှဉ်ပါကလည်း စိတ်ကျရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

(၄) မျိုးအောင်နိုင်စွမ်းကို လျော့ကျစေတယ်

Photo : Marriage Week

ဆေးလိပ် သောက်ခြင်းဟာ အမျိုးသား ရော အမျိုးသမီးတွေမှာပါ မျိုးဆက်ပြန့်ပွားမှုနဲ့ ပတ်သတ်ပြီး ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်မှာ ပါတဲ့ ဓာတုပစ္စည်းတွေက အမျိုးသားတွေရဲ့ သုတ်ပိုးအရေအတွက်ကို လျော့ကျစေတဲ့အပြင် လိင်အင်္ဂါချို့ယွင်း ၊ လိင်တံထောင် မတ်နိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း သို့မဟုတ် တဆင့်ခံဆေးလိပ်ငွေ့ ရှုရှိုက်ခြင်းကနေတဆင့် ကိုယ်ဝန်ပျက်ကျစေတဲ့အထိ ကြီးမားတဲ့ ကျန်းမာရေးဆိုင်ရာ ရောဂါအန္တရာယ်တွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။

Featured Photo : Diabetes UK