အမျိုးသားတွေအနေနဲ့ အသက် ၃၀ နောက်ပိုင်း ရင်ဆိုင်ရနိုင်တဲ့ အလှအပရေးရာ ပြဿနာတွေထဲက တစ်ခုကတော့ ဆံပင်ဖြူ တာပါပဲ။ အိုမင်းရင့်ရော်ခြင်းရဲ့ ပြရုဒ်တစ်ခုဖြစ်တဲ့ ဆံပင်ဖြူခြင်းဟာ အသက်အရွယ်အရ လူတိုင်း ကြုံတွေ့ရမယ့် ပြဿနာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်လေမှာ အစားအသောက် ၊ အနေအထိုင်ပေါ်မူတည်ပြီးလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူတဲ့ ပြဿနာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ဆံပင်ဖြူ ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Black Tea

Photo : Medical News Today

Black Tea ဟာ ဆံကေသာကို သဘာဝအတိုင်း နက်မှောင်တောက်ပြောင်စေတဲ့အပြင် မွဲခြောက်ခြောက်ဖြစ်နေတဲ့ ဆံသားတွေကို ပြန်လည်ရှင်သန်လာစေရန်အတွက် အကောင်းဆုံးဆေးတစ်လက် ဖြစ်ပါတယ်။

အသုံးပြုနည်းအဆင့်ဆင့်

Black Tea လက်ဖက်ခြောက်ကို ရေတစ်ခွက်ခန့် ရောစပ်ကျိုပြီး မိနစ်အနည်းငယ်လောက် နူးအိအောင်ထားပါ။ ရလာတဲ့ လက်ဖက်ရည်ကို အအေးခံပြီးတာနဲ့ ဆံသားပေါ်အနှံ့လိမ်းပြီး တစ်နာရီ လောက်ထားလိုက်ပါ။ ထို့နောက် ရေအေးနဲ့ ဆေးချလိုက်ပါ။ ခေါင်းလျှော်ရည်သုံးဖို့မလိုပါဘူး။ ဒီနည်းအတိုင်း တစ်ပတ်ကို ၂ ကြိမ်လောက် ပြုလုပ်ခြင်းဖြင့် ဆံပင်ဖြူ ပြဿနာကို ရှင်းထုတ်ပေးပြီး သဘာဝအတိုင်း နက်မှောင်တောင်ပြောင်တဲ့ ဆံကေသာကို ရရှိလာစေမှာ ဖြစ်ပါတယ်။

(၂) အာလူးအခွံ

Photo : Tasting Table

အာလူးအခွံ ပြုတ်ရည်ကို အသုံးပြုပြီးလည်း ဆံပင်ဖြူ ပြဿနာကို အထိရောက်ဆုံး ဖြေရှင်းနိုင်ပါတယ်။ အာလူးဟာ ဈေးသိပ်မကြီးပဲ ထိရောက်တဲ့ ဆံပင်ဖြူ ပြဿနာ ဖြေရှင်းခြင်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အသုံးပြုနည်းအဆင့်ဆင့်

အာလူး ၆ လုံးခန့်ကို အခွံနွှာပြီး ရေ ၂ ခွက်ခန့် ရောထည့်ကာ ဆူပွတ်လာသည်အထိ ပြုတ်ပေးပါ။ ရလာတဲ့ အာလူးခွံပြုတ်ရည်ထဲက အခွံတွေကို ဖယ်ထုတ်ပြီး အရည်ကို မတ်ခွက်တစ်ခွက်ထဲ ပြောင်းထည့်ပါ။ ထို့နောက်ဆံသားကို ရေစွတ်ပြီး အာလူးခွံပြုတ်ရည်နဲ့ ဦးရေပြားအနှံ့ သေချာပွတ်လိမ်း ဆေးကြောပေးပါ။ မိနစ်အနည်းငယ်လောက် နှပ်ထားပြီးတာနဲ့ ရေအေးနဲ့လောင်းချလိုက်လို့ ရပါပြီ။ ဒီနည်းအတိုင်း တစ်ပတ် ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

(၃) အုန်းဆီနဲ့ သံပုယိုရည်

Photo : The Coconut Company

အုန်းဆီနဲ့ သံပုယိုရည် ကတော့ ဆံပင်ဖြူတွေကို ပြန်လည်နက်မှောင်လာစေမှာ မဟုတ်ပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့တော့ သုံးနိုင်ပါတယ်။ အကြောင်းကတော့ အုန်းဆီနဲ့ သံပုယိုရည်အရောအစပ်ဟာ ဆံပင်မွေးညင်းပေါက်တွေမှာရှိတဲ့ ရောင်ခြယ်ဆဲလ်တွေကို ထိန်းသိမ်းပေးထားတဲ့အတွက် ဆံပင်ဖြူခြင်း ပြဿနာကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။

အသုံးပြုနည်းအဆင့်ဆင့်

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောစပ်ပြီး နှံ့အောင်နယ်ပေးပါ။ ရလာတဲ့ အနှောအစပ်ကို ဦးရေပြားကနေ ဆံဖျားထိပ်အထိအနှံ့ သေချာလိမ်းကျံ နှိပ်နယ်ပေးပါ။ ထို့နောက် Shower Cap အုပ်ပြီး မိနစ် ၃၀ လောက် ထားလိုက်ပါ။ အချိန်ပြည့်တဲ့အခါ အပျော့စား ခေါင်းလျှော်ရည်နဲ့ ဆေးကြောသန့်စင် လိုက်လို့ရပါပြီ။ တစ်ပတ်ကို ၁ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်ဖြူ ပြဿနာကို အထိရောက်ဆုံး ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

Featured Photo : Men’s Health