မကြာမကြာ ဆံပင်တွေ ကျွတ်နေလို့ စိတ်ညစ်နေရပြီလား။ ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ဒုတိယမျက်နှာ ဖြစ်တဲ့အတွက် ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဆံပင် ကျွတ်တဲ့ ပြဿနာကို ဆေးဝါးအကူအညီ ကုထုံးနည်းတွေနဲ့ မဖြေရှင်းခင် ဘာကြောင့် ဆံပင်ကျွတ်ရလဲဆိုတဲ့ အကြောင်းအရင်းတွေကို သိထားမယ်ဆိုရင် ဆံပင်ကျွတ်တဲ့ ပြဿနာကို အထိုက်အလျောက် ကာကွယ်ကုသနိုင်မှာ ဖြစ်ပါတယ်။ ကဲဒါဆို ဘယ်အချက်တွေက ကွီးတို့ကို ဆံပင်ကျဲကျဲ အဖိုးကြီးပေါက်စပုံ ပေါက်စေသလဲဆိုတာ ဖတ်ကြည့်ရအောင်ပါ။

(၁) အသက်အရွယ်

ဆံပင်

Photo : Popular Mechanics

ဒါကတော့ ရှင်းရှင်းလေးပါပဲ။ လူတိုင်းရှောင်လွဲလို့မရတဲ့ ဇရာရဲ့ ရိုက်ချက်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ဆံပင်ကျွတ်တာ ၊ ဆံပင်ပါးတာတွေ လူတိုင်းလိုလို ကြုံတွေ့ကြရပါတယ်။ ငယ်ရွယ်တုန်းကလို ဦးရေပြားမှာ အဆီတွေ လုံလုံလောက်လောက် မရှိတော့တဲ့အခါ ဆံပင်တွေ အားနည်းပြီး ကြွပ်ဆတ်လာတဲ့အတွက် မကြာခဏဆိုသလို ဆံပင် ကျွတ်တာတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။

(၂) မျိုးရိုးဗီဇ

ဆံပင်

Photo : UCHealth

Androgenetic Alopecia လို့ခေါ်တဲ့ မျိုးရိုးဗီဇကြောင့်လည်း ဆံပင်ကျွတ်တဲ့ ပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါက အမျိုးသားရော အမျိုးသမီးတွေမှာပါ သက်ရောက်မှုရှိပြီး အသက်အရွယ်နဲ့လည်း ဆက်နွယ်နေတဲ့ အကြောင်းအရင်းတစ်ခုပါ။ စစ်တမ်းတွေအရ အမေရိကန်လူမျိုး အမျိုးသား သန်း ၅၀ နဲ့ အမျိုးသမီး သန်း ၃၀ ကျော်တို့ဟာ မျိုးရိုးဗီဇ ကြောင့် ဆံပင် ကျွတ်တဲ့ပြဿနာ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။ လူလတ်ပိုင်းအရွယ်မှာ စတင်ဆံပင်တွေ ကျွတ်လာပြီး အသက်ကြီးလာနဲ့ ပိုဆိုးလာပါတယ်။ ဒီကနေတဆင့် ဆံပင်ပါးတာ ၊ ထိပ်ပြောင်တာတွေအထိ ဖြစ်လာတာ ဖြစ်ပါတယ်။

(၃) ဟော်မုန်း အပြောင်းအလဲ

ဆံပင်

Photo : Kelsey-Seybold Clinic

Polycystic Ovary Syndrome (PCOS) နဲ့ Congenital Adrenal Hyperplasia (CAH) တို့လို အခြေအနေရှိသူတွေမှာ အန်ဒရိုဂျင် Levels ပိုများပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။ ဆံပင်ကျွတ်တာနဲ့အတူ ဝက်ခြံတွေ ထွက်လာတာ ၊ မျက်နှာ သို့မဟုတ် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အမွှေးအမျှင်တွေ ပိုများလာတာနဲ့ အမျိုးသမီးတွေမှာဆိုရင် ရာသီသွေးမမှန်တဲ့ လက္ခဏာတွေ အတူတွဲဖြစ်နေတယ်ဆိုရင် ဟော်မုန်းပမဏ စစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။

တခြားအကြောင်းအရင်းတွေ အနေနဲ့ကတော့ သိုင်းရွိုက်ဟော်မုန်းနည်းတာ ၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားချိန် ၊ သွေးဆုံးချိန်တွေမှာလည်း ဟော်မုန်းအပြောင်းအလဲ သိသိသာသာဖြစ်စေတဲ့အတွက် ဆံပင်ကျွတ်တာ ၊ ဆံပင်ပါးတာကဲ့သို့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကင်ဆာကုသဆေးအပါအဝင် တချို့သော ဆေးဝါးတွေ မှီဝဲတဲ့အခါမှာလည်း ဟော်မုန်းမညီမျှမှုကို ဖြစ်စေတဲ့အတွက် ဆံပင်တွေ ကျွတ်လာနိုင်ပါတယ်။ သတင်းကောင်းကတော့ ဟော်မုန်းမညီမျှမှုနဲ့ ဟော်မုန်းအပြောင်းအလဲ ပြဿနာကို ကုသမှုကောင်းကောင်းခံယူမယ်ဆိုရင် ဆံပင် ကျွတ်တဲ့ပြဿနာကို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှု

ဆံပင်

Photo : Heart Research UK

ဆံပင် ကျွတ်ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေထဲက တစ်ခုကတော့ စိတ်ဖိစီးမှုပါပဲ။ စိတ်ဖိစီးမှုများသူတွေမှာ ဆံပင်တွေ သိသိသာသာ ကျွတ်တာကို တွေ့ရပါတယ်။ အဝတ်အစားတွေအပေါ် ၊ အလုပ်စားပွဲနဲ့ ကြမ်းပြင်တွေအပေါ်အထိ ဆံပင်အပိုင်းအစတွေအမြဲတွေ့နေရပြီး နောက်ဆုံး ခေါင်းဖြီးချိန်မှာ ဆံပင်တွေ အထွေးလိုက်ပါလာနေတယ် ဆိုရင်တော့ စိတ်ဖိစီးမှု လျော့ချဖို့ လိုအပ်နေပြီဆိုတာ သတိပေးနေတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုလျှော့ချပြီး Lifestyle ပြောင်းလဲနေထိုင်မယ်ဆိုရင် ၆ လကနေ ၉ လအတွင်း ပုံမှန်အနေအထားကို ပြန်ရနိုင်ပါတယ်။

(၅) အစားအသောက်

Photo : Watsons Health Hub

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ အာဟာရဓာတ်တွေကလည်း ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ဆံပင်ပါးတာ ၊ ဆံပင်ကျွတ်တာတွေဟာ အဓိက အားဖြင့်တော့ ဗီတာမင် D ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပြီး ဘိုင်အိုတင် ၊ ဇင့် ၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေကို ပြည့်ပြည့်ဝဝ စားသုံးခြင်း မရှိပါကလည်း ဆံပင် နဲ့ ဦးရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ထိန်းထားဖို့ အရေးကြီးပါတယ်။

Featured Photo : Eat This, Not That