ဒိန်ချဉ်မှာ ဆံသားကို အားဖြည့်ပေးမယ့် အာဟာရဓာတ်တွေ များစွာပါဝင်ပြီး ဆံသားသန်စွမ်း မှုအတွက် ဒိန်ချဉ် ကို အသုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်ဟာ ဓာတုပစ္စည်းပါဝင်မှု မရှိသလို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ဆံသားကျန်းမာရေးကို ထိန်းသိမ်းနိုင်မယ့် သဘာဝပစ္စည်း တစ်ခုဖြစ်ပါတယ်။ ဆံပင်ပျက်စီးတာ ၊ ဆံသားအဖျားနှစ်ခွဖြစ်တာနဲ့ ဆံသားမွဲခြောက်ခြင်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်သလို ဆံသားကို သဘာဝအတိုင်း တောက်ပြောင်စေပြီး ဗောက်ထခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကဲဒါဆို ဆံသားသန်စွမ်း ဖို့အတွက် ဒိန်ချဉ် ကို အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါတယ်။

(၁) ကြက်ဥအနှစ်နဲ့ ဒိန်ချဉ်


Photo : Business Insider

ကြက်ဥအနှစ်မှာ ဆံသားကြီးထွားသန်မာ ဖို့အတွက် လှုံ့ဆော်ပေးတဲ့ Peptides တွေပါဝင်ပြီး ဆံကေသာကို ကျန်းကျန်းမာမာနဲ့ အလျင်အမြန်ဆုံး ကြီးထွားသန်မာစေဖို့ အထောက်အကူပြုပါတယ်။ အသုံးပြုနည်းကတော့ ပန်းကန်တစ်လုံးထဲမှာ ကြက်ဥအနှစ်တစ်လုံးနဲ့ ဒိန်ချဉ်နှစ်ဇွန်းခန့်ကို ရောထည့်ပြီး သမအောင်မွှေကာ ဆံပင်အရင်းကနေ အဖျားအထိ အနှံ့သေချာအောင်လိမ်းပေးရပါမယ်။ ပြီးရင်တော့ မိနစ် ၂၀ ၊ နာရီဝက်လောက် ထားလိုက်ပါ။ အချိန်ပြည့်ရင် ရေအေးနဲ့ ခေါင်းလျော်လိုက်လို့ ရပါပြီ။ ကြက်ဥအနှစ်နဲ့ ဒိန်ချဉ် Hair Mask ကို တစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

(၂) ငှက်ပျောသီးနဲ့ ဒိန်ချဉ်

Photo : Taste of Home

ငှက်ပျောသီးမှာ ဆံသားကို အာဟာရဖြစ်စေတဲ့ ပိုတက်စီယမ် ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင်တွေ ပါဝင်ပြီး ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေကာ ဗောက်ပြဿနာတွေကိုလည်း လျော့ချပေးပြီး ဆံသားကို သန်စွမ်းတောက်ပြောင်စေပါတယ်။ ဒါ့အပြင် ဆံသားကို သဘာဝအတိုင်း ပျော့ပြောင်းစေပြီး ဆံသားအက်ကွဲခြင်းနဲ့ ပျက်စီးကြမ်းတမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။ အသုံးပြုနည်းကတော့ ငှက်ပျောသီးတဝက်ခန့် ၊ ဒိန်ချဉ်တစ်ဇွန်း ၊ ပျားရည်သုံးဇွန်းနဲ့ သံပယိုရည်တစ်ဇွန်းတို့ကို ပန်းကန်တစ်လုံးထဲရောထည့်ပြီး အနှစ်ရသည်အထိ ကြေညှက်အောင်မွှေပေးပါ။ ရလာတဲ့ ငှက်ပျောသီးအနှစ်ကို ဆံပင်အရင်းကနေ အဖျားအထိ အနှံ့လိမ်းပေးပါ။ ၂၅ မိနစ် နာရီဝက်လောက်ထားပြီးရင်တော့ ရေအေးနဲ့ ခေါင်းလျော်လိုက်လို့ရပါပြီ။ တစ်ပတ်မှာ နှစ်ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။

(၃) သံလွင်ဆီနဲ့ ဒိန်ချဉ်

Photo : Food & Nutrition Magazine

သံလွင်ဆီနဲ့ ဒိန်ချဉ် Hair Mask အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ သံလွင်ဆီ ၊ ဒိန်ချဉ်နဲ့ သံပုယိုရည်တို့ ဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ဒိန်ချဉ်တို့ကတော့ ဆံကေသာ ကျန်းမာရေးနဲ့ ဆံသားသန်စွမ်း မှုအတွက် အထူးကောင်းမွန်ပြီး ဆံသားကို ပျော့ပျောင်းနူးညံ့စေပါတယ်။ သံပုယိုရည်ကတော့ ဆံပင်ရဲ့ pH မျှတမှုကို ထိန်းသိမ်းပေးပြီး ဗောက်ပြဿနာတွေကို ရှင်းထုတ်ပေးပါတယ်။ အသုံးပြုနည်းကတော့ အရင်ဆုံး ဇလုံတစ်ခုထဲမှာ သံလွင်ဆီတစ်ဇွန်းနဲ့ ဒိန်ချဉ်တစ်ခွက်ပန်းကန်တို့ကို ရောထည့်ပြီး မွှေပေးရပါမယ်။ လာရတဲ့ သံလွင်ဆီနဲ့ ဒိန်ချဉ်အနှစ်ကို ဆံသားအနှံ့သေချာလိမ်းကျံပြီး မိနစ် ၂၀ ခန့်ထားပေးလိုက်ပါ။ တစ်ဖက်မှာလည်း သံပုယိုရည်တစ်ဇွန်းကို ရေနှစ်ခွက်ခန့်ရောထည့်ပြီး မွှေထားပါ။ ဆံပင်ပေါင်းထားတဲ့ အချိန်ပြည့်ဆိုရင်တော့ ပထမဆုံး ကြက်သီးနွေးရေ သို့မဟုတ် ရေအေးနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။ ပြီးတဲ့အခါ သံပုယိုရည်ထည့်ထားတဲ့ ရေနဲ့နောက်တဆင့်ထပ်ဆေးပေးပါ။ ဒီနည်းအတိုင်း တစ်ပတ်ကိုနှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

Featured Photo : Daily Express