ဆွဲဆောင်မှုအရှိဆုံး မင်းသားတွေလို့ ပြောလိုက်တာနဲ့ Jamie Dornan ၊ Henry Cavill ၊ Bradley Cooper ၊ Robert Pattinson နဲ့ Hugh Jackman တို့လို ဟောလိဝုဒ်ရဲ့ ထိပ်တန်း စူပါစတားတွေကို အရင်ဆုံး ပြေးမြင်မိကြမယ် ထင်ပါတယ်။ ဒီမင်းသားကြီးတွေကတော့ အနောက် တိုင်းက ဆွဲဆောင်မှုအရှိဆုံး မော်ဒယ်သရုပ်ဆောင် မင်းသားတွေပဲ ဖြစ်ပါတယ်။ အာရှနွယ်ဖွားတွေထဲမှာလည်း နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဆွဲဆောင်မှုအရှိဆုံး သရုပ်ဆောင် ၊ မင်းသားချောတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ယောကျာ်းပီသမှုအပြည့်နဲ့ ဆွဲဆောင်မှု အရှိဆုံး အာရှနွယ်ဖွား  ထိပ်တန်း မင်းသား ၄ ယောက်အကြောင်း ပြောပြပေးချင်ပါတယ်။ ဘယ်သူတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Godfrey Gao

Photo : Nikkei Asia

ဆွဲဆောင်မှုအရှိဆုံး အာရှနွယ်ဖွား မင်းသားတွေထဲမှာတော့ အရပ် ၆ ပေ ၄ လက်ရှိတဲ့ ကနေဒါ-ထိုင်ဝမ် စူပါမော်ဒယ် ၊ သရုပ်ဆောင်မင်းသားချော Godfrey Gao ကတော့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ The Mortal Instruments: City of Bones ၊ The Jade Pendant (2017) ရုပ်ရှင်ဇာတ်ကားတွေမှာ လူသိများခဲ့တဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ Toy Story 3 (2010) ရဲ့ Mandarin ဗားရှင်းမှာလည်း “Ken” နေရာကနေ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ ပြင်သစ်နာမည်ကြီး ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ Louis Vuitton ကြော်ငြာ Campaign မှာ ပထမဆုံး ပါဝင်ခဲ့တဲ့ အာရှသား စူပါစတား မော်ဒယ်တစ်ယောက်ဖြစ်ပြီး အာရှမှာသာမက နိုင်ငံတကာမှာပါ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား အနုပညာရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ Godfrey Gao ဟာ အသက် ၃၅ နှစ်အရွယ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

(၂) Lewis Tan

Photo : The Rakish Gent

Lewis Tan ဟာ Netflix ရဲ့ ပထမဆုံး Asian-American Original စီးရီး Wu Assassins (2019) မှာ အဓိက သရုပ်ဆောင်နေရာကနေ ပါဝင်ခဲ့တဲ့ တရုတ် – ဗြိတိသျှ သရုပ်ဆောင်နဲ့ Martial Artist တစ်ယောက် ဖြစ်ပါတယ်။ သူဟာ တိုက်ခိုက်ရေး ပညာရှင်တစ်ယောက်ဖြစ်တာနဲ့ အညီ ကျားကျားယားယား တိုက်ရခိုက်ရတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ ဆွဲဆောင်မှု အရှိဆုံး သရုပ်ဆောင်နိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ထွက်ခဲ့တဲ့ Mortal Kombat ဇာတ်ကားမှာ Cole Young ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၂၂ မှာ အသစ်ထွက်ထားတဲ့ Fistful of Vengeance ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ Instagram မှာ ဘော်ဒီအလှကို ပြထားတဲ့ အင်္ကျီမပါတဲ့ ဓာတ်ပုံတွေ ၊ ရေစိုနေတဲ့ Sexy ကျကျ ဓာတ်ပုံတွေကြောင့် အမျိုးသမီးထုကြားမှာ ရေပန်းစားပြီး ဆွဲဆောင်မှုအရှိဆုံး အာရှနွယ်ဖွား မင်းသား တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။

(၃) Henry Golding

Photo : Esquire

မင်းသားချော Henry Golding ကတော့ Crazy Rich Asians (2018) ဇာတ်ကားမှာ Nick Young ဇာတ်ရုပ်နဲ့ ပရိသတ်တွေ အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ မလေးရှားနွယ်ဖွား အင်္ဂလိပ်သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ မော်ဒယ် နဲ့ BBC ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ပြီး People မဂ္ဂဇင်းရဲ့ ၂၀၁၉ ခုနှစ်က ထုတ်ဝေတဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား မဂ္ဂဇင်းမျက်နှာဖုံးမှာ ၁ နေရာ ရရှိခဲ့ပါတယ်။ Last Christmas (2019 ) ၊ G.I. Joe: Ever Vigilant (2021) ၊ Snake Eyes (2021) လို နာမည်ကြီး ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိ ဆွဲဆောင်မှု အရှိဆုံး နာမည်ကြီး အာရှနွယ်ဖွား မင်းသားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

(၄) Dev Patel

Photo : BBC

နောက်ထပ်ဆွဲဆောင်မှု အရှိဆုံး အာရှနွယ်ဖွား မင်းသားကတော့ Slumdog Millionaire (2008) ဇာတ်ကားကစပြီး Lion (2016) ဇာတ်ကားအထိ ပရိသတ်တွေ တစ်ခဲနက် အားပေးခဲ့ကြရတဲ့ မင်းသားချော Dev Patel ပဲ ဖြစ်ပါတယ်။ အမှန်မှာ မင်းသားချော Dev Patel ကို အင်္ဂလန်မှာ မွေးခဲ့တာဆိုပေမယ့် ကင်ညာရောက် အိန္ဒိယနွယ်ဖွား မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ နှစ်လိုဖွယ်အပြုံးတွေ ၊ ညို့အားပြင်းတဲ့ အကြည့်တွေနဲ့ ယောကျာ်းပီသတဲ့ ကုလားဆင် မင်းသားချောဖြစ်ပြီး Green Knight (2020) ဇာတ်ကားမှာလည်း အဓိကနေရာက ပါဝင်သရုပ်ဆောင် ထားပါတယ်။

နောက်ထပ် ဆွဲဆောင်မှုအရှိဆုံး အာရှနွယ်ဖွား မင်းသားချောစာရင်းမှာတော့ Simu Liu ၊ Chris Pang ၊ Daniel Henney ၊ Sendhil Ramamurthy ၊ Riz Ahmed ၊ Alexander Hodge ၊ David Lim နဲ့ Hasan Minhaj တို့လည်း ပါဝင်ပါတယ်။