ဘက်စုံကိုယ်ခံပညာတစ်မျိုး ဖြစ်တဲ့ Mixed Martial Arts (MMA) ဟာ ဒီနေ့ခေတ် အားကစားလောကရဲ့ လူကြိုက်အများဆုံး အားကစားတစ်ခုအဖြစ် ထည့်သွင်းဖော်ပြခံလာရပြီ ဖြစ်ပါတယ်။ MMA Fighter တွေဟာလည်း ကြိုးဝိုင်း အတွင်းအပြင် အောင်မြင်ကျော်ကြားမှုတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ထိပ်တန်းရောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ MMA ဖိုက်တာတွေဟာ ကြိုးဝိုင်းကို စွန့်ခွာပြီး ရုပ်ရှင်စင်မြင့်ပေါ် တက်လှမ်းလာနေပါတယ်။ ဒီလိုမျိုး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ MMA ဖိုက်တာ တွေထဲမှာမှ အောင်မြင်နေတဲ့ ဖိုက်တာ ၅ ဦးနဲ့ ဒီတစ်ခေါက် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) Randy Couture

randy-couture-the-expendables

Photo : flickeringmyth

ဝါရှင်တန် အထက်တန်းကျောင်းသားဘဝကတည်းက နပန်းသတ်မှုကို ဝါသနာထုံခဲ့ပြီး အကြီးအကျယ် လိုက်စားခဲ့တဲ့ ရန်ဒီ ကောရှားဟာ ပြည်နယ်ချန်ပီယံဘွဲ့ ရခဲသလို အမေရိကန်စစ်တပ်မှာလည်း ကာလအတိုင်းအတာတစ်ခုအထိ တာဝန်ထမ်းဆောင်မှု လုပ်ခဲ့ပါတယ်။ စစ်တပ်ထဲမှာ အလွတ်တန်း နပန်းသတ်အဖွဲ့မှာ နပန်းသတ်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာမှ တပ်ထဲက ထွက်လာခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် MMA ဖိုက်တာဘဝထဲ ဝင်ရောက်ခဲ့ပြီး UFC မှာ ဝင်ရောက်ထိုးသတ်ခဲ့ပါတယ်။

UFC ကြိုးဝိုင်းထဲက ထွက်ပြီးနောက် စတီဗင် ဆီးဂဲလ် ၊ တင် အယ်လန် ၊ အလိုက် ဘရာဂါ တို့လို သရုပ်ဆောင်တွေနဲ့ ပူးတွဲ သရုပ်ဆောင်ပြီး ရုပ်ရှင်လောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ The Expendables လို ကားကြီးမှာ နာမည်ကျော် သရုပ်ဆောင် ဆီဗက်စတြာ စတားလုံး ၊ ဂျေဆန် စတေဟမ် နဲ့ ဂျက်လီတို့လို ပုဂ္ဂိုလ်တွေနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့သလို Set Up မှာ 50 Cent နဲ့ ဘရုစ္စ ဝီလီစ်တို့နဲ့ တွဲပြီး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

(၂) Quinton Rampage Jackson

Rampage-Jackson-A-Team

Photo : tapoutdrinks

MMA ဖိုက်တာ ဘဝကနေ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင်လောကသား ဖြစ်လာသူတစ်ဦးက ကွင်တန် ရမ်းပေ့ချ် ဂျက်ခ်ဆန်ပဲ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်မှာ နပန်းအားကစားကို စတင် လေ့ကျင့်လာခဲ့တဲ့ ဂျက်ခ်ဆန်ဟာ MMA ထဲ ကူးပြောင်းလာပြီးနောက် ၅၂ ပွဲမှာ ၃၈ ပွဲနိုင် ၁၄ ပွဲရှုံး ရလဒ် ရထားပါတယ်။ UFC အတွက်ရော Bellator ပရိုမိုးရှင်းပွဲတွေအတွက်ပါ ထိုးသတ်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဖိုက်တာအဖြစ်ကနေ ရုပ်ရှင်ကားကြီးတွေ ဖြစ်တဲ့ Never Back Down: No Surrender (2016) ကို အက်ရှင်မင်းသားကြီး မိုက်ကယ် ဂျိုင် ဝှိုက် ၊ Fire With Fire (2011) ကို ဘရုစ္စ ဝီလီစ်တို့နဲ့ တွဲပြီး ရိုက်ကူးခဲ့ပါတယ်။

(၃) Bob Sapp

Bob Sapp

Photo : IMdB

လူကောင်ထွားထွားနဲ့ ဧရာမဘော်ဒီပိုင်ရှင် ဘော့ပ်ဆပ်ဟာ ဘောလုံးကစားရင်းနဲ့ ဝါရှင်တန်တက္ကသိုလ်မှာ စကောလားရှစ်ရခဲ့သူ ဖြစ်ပါတဘ်။ နောက်တော့ ၁၉၉၇ မှာ Chicago Bears ၊ အဲဒီနောက် Minnesota Vikings ကို ရွှေ့ပြောင်းခဲ့ပါတယ်။ NFL လိဂ်မှာ ဘောလုံးကစားရင်းနဲ့ စတီးရွိုက်သုံးတယ်ဆိုတဲ့ သံသယနဲ့ ဘောလုံးလောကထဲကနေ ထွက်ခဲ့ရပြီး WCW ကမ္ဘာ့ နပန်းချန်ပီယံလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။

WCW ကနေ MMA ကို ကူးပြောင်းလာခဲ့ပြီးနောက် K1 Promotions ၊ Cage Rage နဲ့ Strike Force တို့အတွက် ထိုးသတ်ခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့ ဂျန်နီဖာ ဂါနာ နဲ့ တွဲပြီး Elektra (2005) ၊ မိုက်ကယ် ဂျိုင် ဝှိုက် နဲ့ Blood And Bone (2009) ၊ ဂျေဆင် မိုမိုရာနဲ့အတူ Conan The Barbarian (2011) ၊ အဒမ် ဆန်ဒ်လာ ၊ ခရစ္စရော့ခ် ၊ ရက်ပ်ပါ နယ်လီတို့နဲ့အတူ The Longest Yard (2005) ဇာတ်ကားတွေ ရိုက်ကူးထားပါတယ်။

(၄) Cung Le

တောင်ဗီယက်နမ်ဖွား ကန်းလီဟာ စစ်ပြေးရင်းနဲ့ လူလားမြောက်ခဲ့ပြီး ကမ္ဘာကျော် MMA ဖိုက်တာ တစ်ယောက် ဖြစ်လာသူပါ။ ဆိုင်ဂုံကျဆုံးခြင်းမဖြစ်ခင် ရက်ပိုင်းအလိုမှာ သူ့မိခင်နဲ့အတူ ဗီယက်နမ်တောင်ပိုင်းကနေ ထွက်ပြေးလာခဲ့သူပါ။ လအနည်းငယ် အကြာမှာ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်ဟိုဆေးကို ပြောင်းရွှေ့ခဲ့ရပြီး ကျောင်းမှာ အနိုင်ကျင့်စော်ကားမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တိုက်ကွမ်ဒိုအပါအဝင် MMA ပညာရပ်တွေ လေ့လာဖြစ်ခဲ့ရာကနေ ထိပ်တန်း ကစ်ဘောင်ဆင်သမားဖြစ်လာခဲ့တာပါ။

ပရော်ဖက်ရှင်နယ် MMA ပွဲတွေမှာ ၁၇ ပွဲနိုင် ရှုံးပွဲမရှိ မှတ်တမ်းရထားပြီး ၂၀၁၅ မှာ MMA လောကကနေ အငြိမ်းစား ယူခဲ့ပါတယ်။ MMA လောကထဲက မနားခင်မှာပဲ Tekken ဆိုတဲ့ Martial Art ဇာတ်ကားတစ်ကားကို ၂၀၀၉ ခုနှစ်မှာ ပါဝင် သရုပ်ဆောင်ရင်းနဲ့ ရုပ်ရှင်လောကထဲ ခြေချလာခဲ့ပါတယ်။ ဒီနောက်မှာ စကော့တ် အက်ဒ်ကင်းစ်နဲ့ တွဲပြီး Savage Dog (2017) ၊ ချန်နင်း တက်တမ် ၊ တားရင့်စ် ဟောင်းဝပ်ဒ် တို့နဲ့အတူ Fighting (2009) ၊ ရပ်ဆဲ ခရိုဝီ ၊ လူစီ လီယု ၊ RZA တို့နဲ့ တွဲပြီး True Leader (2010) ၊ The Man With The Iron Fists (2012) ဇာတ်ကားတွေ ရိုက်ခဲ့ပြီး အောင်မြင်တဲ့ ရုပ်ရှင် နဲ့ TV စီးရီးတွေမှာ ပါဝင်လာခဲ့ပါတယ်။

(၅) Georges St-Pierre

georges-st-pierre-confirms-his-return-to-the-mcu-in-the-falcon-and-the-winter-soldier

Photo : geektyrant

UFC ဝယ်သာဝိတ်နဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း ဂျော့ချ် စိန့် ပီယဲယားရ်ကို MMA လောကရဲ့ အတော်ဆုံး ဝယ်သာဝိတ်ချန်ပီယံတွေထဲက တစ်ဦးအဖြစ် အသိအမှတ် ပြုထားပါတယ်။ UFC တန်းမှာ အောင်မြင်တဲ့ ပရော်ဖက်ရှင်နယ် ဖိုက်တာ အဖြစ် ရပ်တည်ခဲ့တဲ့ စိန့် ပီယဲယားရ်ဟာ ၂၀၀၉ ခုနှစ်က စပြီး အက်ရှင်ကားတွေမှာ စတင် သရုပ်ဆောင်လာခဲ့ပါတယ်။

ပီရဲယားရ်ရဲ့ အောင်မြင်လှတဲ့ အက်ရှင်ကားတွေထဲမှာ Death Warrior ၊ Hell’s Chain နဲ့ Never Surrender တို့ ပါဝင်ပါတယ်။ နာမည်ကျော် အက်ရှင်ကားတွေ ဖြစ်ကြတဲ့ Kickboxer : Vengeance (2016) ၊ Cartels (2017) ၊ Kickboxer : Retaliation (2018) တို့အပြင် နာမည်ကျော် Marvel ကားတစ်ကား ဖြစ်တဲ့ Captain America : The Winter Soldier နဲ့ TV Series တွေ ဖြစ်တဲ့ The Falcon And The Winter Soldier စီးရီးတွေမှာ Georges Batoc အဖြစ်လည်း သရုပ်ဆောင်ခဲ့ပါတယ်။

Featured Photo : geektyrant