အားလပ်ရက်မှာ ဘယ်ရုပ်ရှင်ဇာတ်ကားကောင်းတွေ ကြည့်ရမှန်းမသိ ဝေခွဲရခက်နေပါသလား။ ရုပ်ရှင် ချစ်သူ ကွီးတို့အတွက် ဇန်နဝါရီ လအတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား သစ် အညွှန်းများအကြောင်း ဝေမျှပေးချင်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်များနှင့် ဖန်တီးထားတဲ့ ဇာတ်ကားကောင်းများ ဖြစ်တဲ့အပြင် ဘဝ အတွေးအမြင်တစ်ခုခု ပြောင်းလဲသွားအောင် ကူညီပေးမယ့်အပြင် အချို့ဇာတ်ကားများကလည်း စိတ်ဓာတ်ခွန်အား ရရှိအောင် ကူညီပေးနိုင်ပါတယ်။

5,000 Blankets

ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သိပ်ချစ်ကြတဲ့ အဖေ၊ အမေနှင့် သားတို့ကို အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ အဖေ ဖြစ်သူထံတွင် ရောဂါကြောင့် စိတ်ဓာတ်ကျပြီး တစ်ရက်မှာတော့ ပျောက်ဆုံးသွားပါတော့တယ်။ သူ့အမျိုးသမီးနှင့် သားဖြစ်သူက သူ့ကို လိုက်လံရှာဖွေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီလိုမျိုး လိုက်လံရှာဖွေကြတဲ့ လမ်းခရီးတစ်လျှောက်မှာ ဆာလောင်မွတ်သိပ်ကာ ချမ်းတုန်နေကြတဲ့ အိမ်ခြေယာမဲ့များကို တွေ့ရှိခဲ့ကြပါတယ်။ အမေဖြစ်သူက ထိုအကူအညီလိုအပ်နေသူများထံ အနွေးဓာတ် တစ်စုံတစ်ရာ ရစေလိုတဲ့ စိတ်နဲ့ စောင်လေးတစ်ထည် လှူဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့ရဲ့ ပရဟိတအလုပ်ကြီးက တဖြည်းဖြည်း ကျယ်ပြန့်လာပါတော့တယ်။ နောက်ဆုံးမှာရော သူတို့ရှာနေတဲ့သူကို တွေ့နိုင်ပါ့မလား။

Source: AFFIRM Films

M3GAN

Katie ဆိုတဲ့ ကလေးမလေးသည် ကားအက်ဆီးဒင့်ကြောင့် သူ(မ)ရဲ့ မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရကာ သူ(မ)ရဲ့ အဒေါ်ဖြစ်သူနဲ့ အတူတူ နေဖို့ အကြောင်းဖန်လာပါတော့တယ်။ သူ(မ)ရဲ့ အဒေါ်က စက်ရုပ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီး သူ့တူမလေး မပျင်းရလေအောင်ဆိုပြီး သူ့တူမနဲ့ အသက်အရွယ်ရော၊ ခန္ဓာကိုယ် အရွယ်အစားချင်းပါ ဆင်တူတဲ့ စက်ရုပ်မလေးကို ဖန်တီးပေးလိုက်ပါတယ်။ ထိုစက်ရုပ်မလေးရဲ့ နာမည်ကတော့ Megan ဖြစ်ပါတယ်။ ထိုစက်ရုပ်မလေးရဲ့ တာဝန်ကတော့ Katie ကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကာကွယ်ပေးရမယ့်တာဝန်ပဲ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ Katie တစ်ယောက် တော်တော်ပျော်မြူးနေခဲ့ပါတယ်။ သူ့အဒေါ်ကလည်း သူ့တူမလေးသည် အက်ဆီးဒင့် ပြီးတဲ့နောက်မှာ ဒါသည် သူ(မ) ပထမဦးဆုံးအကြိမ် ပြုံးရယ်လာတာပဲဆိုပြီး ဝမ်းသာနေခဲ့ပါတယ်။ သို့သော် စက်ရုပ်မလေးသည် Katie ကို လိုသည်ထက်ပိုပြီး ကာကွယ်တဲ့နောက်မှာတော့ ခြောက်ခြားဖွယ်ရာ စက်ရုပ်တစ်ရုပ်အသွင် ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ Katie နှင့် သူ့ရဲ့ အဒေါ်တို့ ထိုစက်ရုပ်လက်ထဲကနေ လွတ်မြောက်ပါ့မလား။

Source: Universal Pictures

A Man Called OTTO

ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ ဇန်နဝါရီ လ၊ ၆ ရက်နေ့မှာ ထွက်ရှိမယ့် ဇာတ်ကား သစ်တစ်ကားဖြစ်ပါတယ်။ A Man Called Ove ဆိုတဲ့ ရောင်းရအကောင်းဆုံး ဝတ္ထုပေါ် အခြေခံကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ove အစား OTTO ဆိုပြီး နာမည်ပြောင်းထားပါတယ်။

OTTO ဆိုတဲ့ အမျိုးသားကတော့ ဘယ်အိမ်နီးချင်းနဲ့မှ မတည့်တဲ့ ပေါင်းသင်းရခက်တဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့အိမ်နားသို့ အိမ်နီးချင်း မိသားစုအသစ် ပြောင်းလာပါတယ်။ ထိုအိမ်နီးချင်းမိသားစုမှာ ကလေးလေး နှစ်ယောက်လည်း ပါလာပါတယ်။ OTTO တစ်ယောက် ထိုမိသားစုနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပုံစံက ပြောင်းလဲသွားပါတော့တယ်။

OTTO ဆိုတဲ့ အမျိုးသားနေရာမှာတော့ ကျနော်တို့ရဲ့ အချစ်တော် မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်။

Source: Sony Pictures Entertainment

Plane

စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ဇာတ်ကားကောင်းမျိုးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Plane ဆိုတဲ့ ရုပ်ရှင်ကို ရွေးချယ်ကြည့်ရှုသင့်ပါတယ်။ လေယာဥ်မှူးကြီး Ray Torrance သည် မုန်တိုင်းဒဏ်ကြောင့် သူ့လေယာဥ် ပျက်ကျမလိုဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ လေယာဥ်ကို မြေပေါ်တစ်နေရာမှာ အထိအခိုက်နည်းနည်းနဲ့ ဆင်းသက်နိုင်ခဲ့ပေမယ့် ကံဆိုးချင်တော့ ထိုနေရာသည် စစ်ဖြစ်နေတဲ့ အန္တရာယ်ဇုန်ကြီး ဖြစ်နေပါတော့တယ်။

သူပုန်များက ထိုခရီးသည်များကို ဓားစာခံလုပ်ဖို့ စီစဥ်နေကြပါတော့တယ်။ လေယာဥ်မှူးကြီးသည် သူ့ရဲ့ ခရီးသည်များကို ကယ်တင်ရမယ် ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ သူတစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုတာသိတော့ သူ့လေယာဥ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ယောက်ထံမှာ အကူအညီတောင်းရပါတော့တယ်။ ထိုခရီးသည်ကတော့ အခြားမဟုတ်ပါဘူး၊ ရာဇဝတ်သားဆိုပြီး လေယာဥ်ပေါ်မှာ ပါလာတဲ့သူဖြစ်ပါတယ်။

နောက်ဆုံးမှာ ခရီးသည်များအားလုံး ဘေးကင်းကင်းနဲ့ သူတို့နေရပ်ဆီကို ပြန်ရောက်ပါ့မလား။

Source: Lionsgate Movies

The Devil Conspiracy

နာမည်ကြီး Biotech ကုမ္ပဏီတစ်ခုသည် DNA များကို ကော်ပီကူးပြီး နောက်ထပ်ဆင်တူ လူသားတစ်ယောက်ကို ဖန်တီးနိုင်ဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုးစားမှုက အောင်မြင်လာတဲ့အခါမှာတော့ ထိုနည်းပညာသည် မသမာသူတွေရဲ့ လက်ထဲ ရောက်ရှိဖို့ အကြောင်းဖန်လာပါတော့တယ်။ မသမာသူတွေက ထိုနည်းပညာနဲ့ ဘယ်လိုမကောင်းမှုတွေကို လုပ်ဆောင်သွားမှာလဲ။ အဆုံးသတ်မှာရော ဘယ်လိုဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ The Devil Conspiracy ဇာတ်ကားသစ်လေးကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Source: Movie Trailers Source

အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေကတော့ ဇန်နဝါရီ လအတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်များနဲ့ ရိုက်ကူးထားတာကြောင့် အားလပ်ရက်လေးမှာ စိတ်အပန်းပြေအောင်ကူညီပေးမယ့် ဇာတ်ကားသစ်များပဲဖြစ်ပါတယ်။

Source: Movieinsider