လူတိုင်းကတော့ ငယ်ရွယ်နုပျိုမှုကို အမြဲထိန်းထားချင်ကြတာပဲ မဟုတ်ပါလား။ အိုမင်းခြင်းဆိုတာ ဘဝရဲ့ မလွှဲမရှောင်သာသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး လူတိုင်းကြုံတွေ့ရမှာ အသေအချာပါပဲ။ ဒါ့အပြင် ကြုံတွေ့ရတဲ့ လောကဓံများ၊ မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှုနဲ့ လူနေမှုပုံစံစတဲ့ အလေ့အထများကလည်း ကျွန်တော်တို့ရဲ့ အိုမင်းရင့်ရော်ခြင်း ကို မြန်စေခြင်း၊ နှေးကွေးစေခြင်း ဆိုတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ အိုမင်းရင့်ရော်ခြင်းကို မရှောင်လွှဲနိုင်သော်လည်းပဲ နှေးကွေးအောင်၊ ရင့်ရော်ခြင်းရဲ့ လက္ခဏာများကို လျော့ပါးအောင် ပြုလုပ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ အခု ဘယ်အရွယ်ပဲ ဖြစ်ပါစေ၊ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဇရာကို အံတုပစ်နိုင်ဖို့ နည်းလမ်းကောင်းတွေ ကျင့်သုံးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဇရာကို ခပ်ချေချေ အံတုနိုင်ဖို့ အမျိုးသားထုကြီးအတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
နေလောင်ကာ ခရင်မ်သုံးပါ
Photo : Lifestyle
ကွီးတို့ရေ အိုမင်းရင့်ရော်မှု အရှိန်မြှင့်စေခြင်းရဲ့ အဓိကတရားခံကို ပြောပါဆိုရင် နေရောင်ခြည်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အစက်အပြောက်များဖြစ်စေခြင်း၊ အရေပြားပျော့ပြောင်းခြင်း၊ အရေပြားပျက်စီးခြင်းတို့အပြင် အရေပြားကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို မှန်မှန်လိမ်းဖို့ လိုပါတယ်။ နေရောင်ကာခရင်မ်ကို မှန်မှန်လိမ်းခြင်းသည် အရေပြားကို UV, UVA, UVB, နှင့် IR ရောင်ခြည်များ၏ ဆိုးကျိုးများမှ ကာကွယ်ပေးပြီး အသားအရေပျက်စီးပြီး အိုမင်းရင့်ရော်ခြင်းကိုလည်း တားစီးပေးနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ
Photo : Transam Carriers Inc
ကျွန်တော်တို့ စားသောက်နေထိုင်မှုပုံစံကလည်း အရေပြားနဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိပါတယ်။ အရေပြားသည် သူ့အလိုလို အသစ်ပြန်လည်ရရှိရန် ပျမ်းမျှ ၂၅ ရက်မှ ၄၅ ရက်အထိ အချိန်ယူရပြီး အသက်အရွယ်ပေါ်မူတည်ကာ ကွီးတို့ရဲ့အစားအစာပုံစံများနှင့် ရွေးချယ်မှုများသည် အရေပြားအိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးနိုင်သလို ဖြစ်သွားနိုင်ပါတယ်။ ကျန်းမာသောအဆီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင် C၊ A၊ B3၊ E၊ K နှင့် Selenium ကြွယ်ဝသော အစားအစာများကို စားသုံးပေးပါ။ ထိုအစားအစာများက ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အသားအရေကို တင်းရင်းနုပျိုစေပါတယ်။
ရေဓာတ်ပြည့်ဝပါစေ
Photo : Mesazhi.com
ဇရာကို ခပ်ချေချေ အံတုပစ်ဖို့ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ဒါကြောင့် ရေကို လုံလောက်စွာ သောက်သုံးပါ။ ရေအပြင် ဖရဲသီး၊ ထောပတ်သီး၊ ဘယ်ရီသီး၊ စပျစ်သီးနဲ့ လိမ္မော်သီးတို့လို အသီးအနှံတွေမှာ ဗီတာမင် C၊ Oleic acid နဲ့ Lycopene တို့ ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှု၊ အရေးအကြောင်းတွေနဲ့ အသက်အရွယ်အလိုက် အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
Photo : Eat This, Not This
ကိုယ့်ရဲ့ အသက်အရွယ်က ဘယ်လောက်ပဲ ဖြစ်နေစေကာမူ လေ့ကျင့်ခန်းများနဲ့ ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ ဘယ်လို အသက်အရွယ်မဆို တက်ကြွလန်းဆန်းကာ သန်မာဖျက်လက်နေပါလိမ့်မယ်။
အိပ်ရေးဝဝအိပ်ပါ
Photo : Live Science
ကွီးတို့ရေ အိပ်ရေးဝဝ အိပ်စက်ခြင်းကလည်း ကျွန်တော်တို့ စိတ်ရော၊ ကိုယ်ပါ ကျန်းမာစေပြီး အသားအရေကိုလည်း အထောက်အကူပြုပါတယ်။ ဦးနှောက်စွမ်းအားနှင့် ခန္ဓာကိုယ်တွင်းရှိ စနစ်အားလုံးနီးပါးကို ပြန်လည်ရရှိရန် တစ်ညလျှင် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်ဖို့ လိုပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့ ကွီးတို့လိုက်နာသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ဆေးလိပ်သောက်သုံးမှုကို ကန့်သတ်တာမျိုး၊ အမျိုးသားသုံး အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ သုံးပေးတာမျိုးလည်း ပြုလုပ်သင့်ပါတယ်။
Source : H.I.M-istry
Featured Photo : Gulf Islands