ညဥ့်နက် သန်းခေါင်ယံဆို ဗိုက်ဆာပြီး အစားတွေ စားမိနေတဲ့ အလေ့အကျင့်ကြီး လုပ်မိနေပါသလား ? ဒီလို ညကြီးအချိန်မတော် အစားတွေ ထထဆွဲမိတာက ကျန်းမာရေးအရ ကြည့်မယ်ဆို တကယ်ကိုပဲ ဆိုးကျိုးတွေ များသလို ရေတို ၊ ရေရှည် အန္တရာယ်တွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ညကြီးအချိန်မတော် မှ ထထဆွဲ မိနေတဲ့ ကွီးတို့အတွက် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအန္တရာယ်တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အိပ်ပျော်ဖို့ ခက်စေတယ်

man can't sleep

Photo : HealthCentral

အိပ်ရာဝင်ခါနီး အစားစားတာက လူကို နိုးကြားတက်ကြွစေပြီး ကောင်းစွာ အိပ်ပျော်ဖို့ ခက်ခဲသွားစေနိုင်ပါတယ်။ ဒါက ပုံမှန်အိပ်စက်မှု စက်ဝန်းကို အနှောင့်အယှက် ဖြစ်စေတာကြောင့် နောက်တစ်ရက်မှာ ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် ဟော်မုန်းပမာဏ မညီမျှမှုကိုလည်း ဖြစ်စေနိုင်သလို ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကိုလည်း အနှောင့်အယှက် အဟန့်အထား ဖြစ်စေနိုင်ပါတယ်။

(၂) ဝိတ်တက်လာစေနိုင်တယ်

weight gain

Photo : Eat This Not That

ညကြီး အချိန်မတော် အစားစားတာက အစားအသောက် ပုံစံပျက်တာပါပဲ။ တနည်းအားဖြင့် ပြောရရင် အစာခြေဖျက်မှုစနစ်ကို ကမောက်မကဖြစ်စေတာကြောင့် ကိုယ်အလေးချိန်ကို တိုးလာစေနိုင်တာပါ။ နောက်ကျမှ အစားစားတာဟာ ခန္ဓာကိုယ်အတွင်း အဆီ သိုလှောင်မှုကို ဖြစ်စေနိုင်ပြီး အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန် အဆမတန် တိုးလာခြင်းတို့ကို ဖြစ်နိုင်ခြေ ပိုများစေပါတယ်။

(၃) ဝမ်းဗိုက်မအီမသာ ဖြစ်စေနိုင်တယ်

stomach pain

Photo : Verywell Health

အိပ်ရာမဝင်မီ နှစ်နာရီကနေ လေးနာရီအတွင်း အစားစားခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဘာလို့ဆို အိပ်ရာဝင်ခါနီး ညဥ့်နက်ချိန်မှ အစားစားတာဟာ အစာခြေဖျက်မှုနှုန်းကို နှေးကွေးစေသလို ပြည့်အင်မှုကို ဖြစ်စေတာကြောင့် ဝမ်းဗိုက်ထဲ မအီမသာ ခံစားချက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ပြီး အစားစားပြီး ချက်ချင်းဆိုသလို လှဲလျောင်းအိပ်စက်တဲ့အခါမှာ အက်ဆစ်ပြန်တက်ခြင်းနဲ့ ရင်ပူခြင်းကဲ့သို့ အခြားပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၄) အသက်ကြီးလာတာနဲ့ တခြားသော ကျန်းမာရေး ပြဿနာတွေ အများကြီး ဖြစ်လာစေနိုင်တယ်

Men's Health

Photo : Cardiology Associates of Michigan

ညဘက် အစာစားတယ် ဆိုတာဟာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အကျင့် တစ်ခုပါပဲ။ ဒါက အသက်ကြီးလာတာနဲ့အမျှ တခြားသော ကျန်းမာရေးပြဿနာတွေ အများကြီးကို ဖြစ်ပေါ်လာစေဖို့ အခွင့်အရေး ပိုများပါတယ်။ အဓိက ကတော့ ကိုယ်အလေးချိန် အဆမတန်တိုးလာတာ ၊ စွမ်းအင်နဲ့ ဟော်မုန်း ပြဿနာ ၊ ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ ဂလူးကို့စ်မြင့်တက်ခြင်း ၊ အင်ဆူလင်နဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေအပြင် တခြားသော ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်တာပဲ ဖြစ်ပါတယ်။

Featured Photo : Select Health