မျက်နှာပေါ်က ဝက်ခြံတွေ ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နေရပြီလား ? ဝက်ခြံပျောက်ဆေး နည်းပေါင်းသောင်းခြောက်ရှိပေမယ့် ဓာတု‌ပစ္စည်းတွေပါလို့ အသားအရေပျက်စီးမှာ ၊ ငွေကုန်ကြေးကျများမှာ ဒါတွေကလည်း ထည့်တွေးရမှာပဲ မဟုတ်လား ? ဒီလိုအတွေးပေါင်းများစွာနဲ့ အိပ်ရေးပျက်ပြီး ဝက်ခြံတွေ ပိုဆိုးမလာစေဖို့ လွယ်လွယ်ကူကူ ငွေကုန်ကြေးကျ သက်သာစွာနဲ့ ဝက်ခြံ တွေ ကုသနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှုန့်

honey and cinnamon

Photo : HealthifyMe

ပါဝင်ပစ္စည်း နှစ်မျိုးတည်းနဲ့ ဝက်ခြံ တွေကို အပြတ်အသတ် ရှင်းထုတ်ပေးမယ့် Face Mask လေးတစ်ခုကို ပြောပြပေးပါမယ်။ ဒါကတော့ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှုန့် Face Mask ပါ။ ပျားရည်ရော သစ်ကြမ်းပိုးခေါက်မှုန့် ၂ မျိုးလုံးက ဘက်တီးရီးယားနဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်တဲ့ Antioxidants အရင်းအမြစ်တွေ ဖြစ်တာကြောင့် ဝက်ခြံပြဿနာကို အထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်း နိုင်ပါတယ်။ ပျားရည် ၃ ဇွန်း ၊ သစ်ကြမ်းပိုးခေါက်မှုန့် ၁ ဇွန်းခန့်ကို သမအောင် ရောမွှေပြီး မျက်နှာပေါ်အနှံ့ လိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့်လောက် ထားပြီးရင်တော့ ရေဆေးချလိုက်လို့ ရပါပြီ။

(၂) ရှားစောင်းလက်ပတ်

aloe vera

Photo : Bloomspace

ရှားစောင်းလက်ပတ်ကိုတော့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာအတွက် အရေးပါတဲ့ ပါဝင်ပစ္စည်းတစ်ခုလို့ လူသိများပါတယ်။ အဓိကအားဖြင့် ရှားစောင်းလက်ပတ်ဟာ အသားအရေကို ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပေးနိုင်တဲ့ သဘာဝအလှကုန်ပစ္စည်း တစ်ခုဖြစ်ပြီး နေလောင်ဒဏ် ၊ ရောင်ရမ်းမှု ၊ နီမြန်းမှုတွေကို သက်သာလျော့ပါးစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ မျက်နှာအရေပြားပေါ်မှာ နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမဲစက် ၊ ဝက်ခြံနဲ့ အရေပြားရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်စွမ်း ရှိပါတယ်။ ဝက်ခြံ ကုသဖို့အတွက်ဆိုရင်တော့ ရှားစောင်းလက်ပတ်အပင်ကရတဲ့ သဘာဝဂျယ်ကို ဝက်ခြံထွက်တဲ့ မျက်နှာအရေပြား ဧရိယာတဝိုက်ကို မိနစ်အနည်းငယ်ခန့် ညင်ညင်သာသာ ပွတ်လိမ်းပေးပါ။ ဝက်ခြံနဲ့ ရောင်ရမ်းမှုတွေ သိသိသာသာ လျော့ပါးသက်သာသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

(၃) ပန်းသီးရှာလကာရည်

Apple Cider Vinegar
Photo : Aventus Clinic

ပန်းသီးရှာလကာရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို‌ သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အဓိကအားဖြင့် ပန်းသီးရှာလကာရည်မှာ P. Acnes ကို သေစေနိုင်တဲ့ အော်ဂဲနစ် အက်ဆစ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒီသဘာဝအက်ဆစ်ဓာတ်က ဝက်ခြံနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပြီး အမာရွတ်တွေကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ ဝက်ခြံ ကုသဖို့အတွက် ပန်းသီးရှာလကာရည် ၁ ဆ / ရေ ၃ ဆ ရောစပ်ပြီး ဂွမ်းဖက်လေးနဲ့ တို့ကာ ဝက်ခြံဧရိယာတဝိုက်ကို ညှင်သာစွာ ပွတ်လိမ်းပေးပါ။ စက္ကန့် ၃၀ လောက် ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ ရပါပြီ။

Source : Man Of Many

Featured Photo : Tiege Hanley