ဝက်ခြံ ပြဿနာဟာ ကျွန်တော်တို့ လူပျိုဖော်/အပျိုဖော်ဝင်ချိန်က စပြီး ကြုံတွေ့ရတဲ့ အသားအရေ ပြဿနာတစ်ခုပါ။ ဝက်ခြံတွေကို ရှင်းထုတ်ဖို့အတွက် အသားအရေဆိုင်ရာ ကုထုံးနည်းတွေ ၊ အလှအပရေးရာ ထုတ်ကုန်တွေ အများကြီးရှိပါတယ်။ သို့သော်လည်း ကုန်ကျစရိတ် အားဖြင့်တော့ မသေးလှပါဘူး။ ဒါကြောင့် ဝက်ခြံတွေ ကုသရှင်းထုတ်ဖို့အတွက် ငွေလည်းသိပ်မကုန်ပဲ ထိရောက်တဲ့ သဘာဝဆေးတစ်လက်ကို ညွှန်းပေးချင်ပါတယ်။ ဒါကတော့ ငှက်ပျောသီး အခွံပါ။

Banana Peel

Photo : Euronews.com

ငှက်ပျောသီးခွံမှာ နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့ Lutein နဲ့ ဗီတာမင် A လို Antioxidants တွေ ကြွယ်ဝစွာပါဝင်ပြီး ဝက်ခြံတွေကို တိုက်ဖျက်ပေးမယ့် ဇင့်ဓာတ်လည်း ပါဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ငှက်ပျောသီးခွံကို အသုံးပြုပြီး ဝက်ခြံ ပြဿနာတွေကို အထိရောက်ဆုံး ရှင်းထုတ်ကာ အသားအရေကို ပြန်လည်ကျန်းမာစေမယ့် အသုံးဝင်တဲ့ နည်းလမ်းကောင်းတစ်ခုကို ပြောပြပေးပါမယ်။

အရင်ဆုံး ငှက်ပျောသီးခွံရဲ့ အသားအရေအပေါ် အကျိုးပြုပုံတွေကို ရှင်းပြပေးချင်ပါတယ်။ ငှက်ပျောသီးခွံမှာ အသားအရေ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ Fatty Acid နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။ ၎င်းဓာတ်တွေက အသားအရေ နီမြန်းရောင်ရမ်းခြင်းတွေကို သက်သာပျောက်ကင်းစေပြီး အသားအရေကို ပြန်လည်နုပျိုစေတာကြောင့် ဝက်ခြံတွေကို ပိုမိုမြန်ဆန် ထိရောက်စွာ သက်သာပျောက်ကင်းစေပါတယ်။ ငှက်ပျောသီးခွံမှာ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံ အစုလိုက် အပြုံလိုက်ထွက်တာ ၊ အသားအရေ ဆိုးဆိုးရွားရွား ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

လိုအပ်တဲ့ပစ္စည်း

  • ငှက်ပျောသီးခွံ ၂ – ၃ ခု
  • Jojoba Oil အနည်းငယ်

ပြင်ဆင်ရန်ကြာချိန်

  • ၁ မိနစ်

Treatment အချိန်

  • မိနစ် ၃၀

ပြုလုပ်နည်း အဆင့်ဆင့်

Photo : Healthshots

ပထမဆုံးအနေနဲ့ မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပေးပါ။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပြီးတာနဲ့ မျက်နှာသုတ်ပဝါနဲ့ ခြောက်အောင်သုတ်ပေးပါ။

ထို့နောက် ငှက်ပျောသီးခွံရဲ့ အတွင်းဘက်နဲ့ မျက်နှာအရေပြားပေါ် ၁၀ မိနစ်ခန့် နှိပ်နယ်ပွတ်လိမ်းပေးပါ။ ငှက်ပျောသီးခွံနဲ့အတူ Jojoba Oil အနည်းငယ်ထည့်ပြီး ပွတ်လိမ်းပေးမယ်ဆိုရင် ပိုပြီး ကောင်းမွန်ပါတယ်။ Jojoba Oil က အရေပြားပေါ်မှာရှိတဲ့ သွေးကြောတွေကို ပွင့်စေပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေမှာပါ။

ငှက်ပျောသီးခွံ အညိုရောင် သမ်းလာပြီဆိုရင်တော့ နောက်ထပ်ငှက်ပျောသီးခွံ အသစ်တစ်ခုကို အသုံးပြုပြီး ပွတ်လိမ်းပေးပါ။

ပြီးရင်တော့ မိနစ် ၂၀ ခန့် ထားလိုက်ပါ။ အချိန်ပြည့်ရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောသန့်စင်လိုက်လို့ ရပါပြီ။

တစ်ရက်ကို ၁ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ပတ်အတွင်း သိသာထူးခြားတဲ့ ရလဒ်ကိုမြင်တွေ့ရမှာ ဖြစ်ပြီး ဝက်ခြံ တွေ လျော့ပါးသက်သာသွားစေမှာပါ။

Featured Photo : David Avocado Wolfe