ညဘက် မှာ ခဏခဏ လန့် မနိုး ဘဲ တစ်ချိုးတည်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းသည် ခန္ဓာကိုယ်အတွက် အင်မတန်ကောင်းတဲ့ အနားယူခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒီလိုမျိုး အိပ်စက်နိုင်ဖို့အတွက် နှောင့်ယှက်နေတဲ့ တရားခံတွေ အများကြီးရှိပါတယ်။ တစ်နေ့တာဘဝမှာ ကြုံတွေရတဲ့ သောကတွေ၊ ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေအပြင် စမတ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာတွေကလည်း ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်းကို ထိခိုက်စေပါသေးတယ်။

ကွီးတို့အနေနဲ့ ညဘက် မှာ ဆင်အော်တောင် မနိုး ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချင်တယ်ဆိုရင်တော့ လွယ်လွယ်လေးပါပဲ။ အိပ်ခါနီးမှာ ဘာအကြောင်းမှ မတွေးပါနဲ့။ ပြီးတော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို နေ့စဥ်မှန်မှန် ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ညဘက်မှာ တစ်ချိုးတည်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နိုးလာတဲ့အခါမှာလည်း တက်ကြွလန်းဆန်းနေမှာပဲဖြစ်ပါတယ်။

(၁) အသက်ရှူ လေ့ကျင့်ခန်း

အသက်ရှူ

အသက်ရှူ လေ့ကျင့်ခန်းသည် ကွီးတို့ရဲ့ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းတို့ကို ပိုမိုကောင်းမွန်လာအောင် ဖန်တီး ကူညီပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။​ အသက်ရှူ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးခြင်းအားဖြင့် ကွီးတို့ရဲ့ နှလုံးကျန်းမာရေးနှင့် သွေးလှည့်ပတ်မှုကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ မနက်ခင်း နိုးထလာတိုင်းမှာ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်းအားဖြင့် တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းနေပြီး ညဘက်ကျရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

(၂) အကြောဆန့်ခြင်းနှင့် ယောဂ ကစားခြင်း

ယောဂ ကစားခြင်း

အကြောဆန့်ခြင်းနှင့် ယောဂ ကစားခြင်းသည်လည်း ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်းကို မြှင့်တင်ပေးရာမှာ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။​ တစ်နေ့လျှင် မိနစ် ၃၀ ခန့် ယောဂကစားပေးခြင်းအားဖြင့် ကွီးတို့ရဲ့ အသက်ရှုစနစ်လည်း ပိုမိုကောင်းမွန်လာပြီး ခန္ဓာကိုယ် အနေအထားလည်း မှန်ကန်လာပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး၊ ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့လည်း ကူညီပေးနိုင်ပါတယ်။​

(၃) လမ်းလျှောက်ခြင်း

ညဘက် မနိုး

လမ်းလျှောက်တာများ ဘာခက်လို့လဲဆိုပြီး တွေးမိကြမှာပါပဲ။ ဒါပေမဲ့ ဒီလို လွယ်ကူတဲ့ လမ်းလျှောက်ခြင်းကိုတောင် ကွီးတို့ လုပ်ဖြစ်ကြရဲ့လား။ ကိုယ့်ရပ်ကွက်ထဲ တစ်ပတ်ပတ်ပြီး လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပန်းခြံဆီ လမ်းလျှောက်ထွက်ရင်း လေ့ကျင့်ခန်း ပြုလုပ်တာပဲဖြစ်ဖြစ်၊ ဟိုနား ဒီနားသွားကာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။ လမ်းလျှောက်ခြင်းအားဖြင့် ဦးနှောက်ထဲတွင် Endorphins လို့ခေါ်တဲ့ အားပြင်းတဲ့ ဓာတုဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးပြီး ထိုဓာတ်က ကွီးတို့ကို အိပ်မောကျအောင် ကူညီပေးနိုင်ပါတယ်။​

(၄) အလေးတုံး မခြင်း

ညဘက် မနိုး

ပရော်ဖက်ရှင်နယ် အလေးမသမားတွေလိုမျိုး အလေးတုံး အကြီးကြီးတွေ မ, စရာ မလိုပါဘူး။ ၅ ပေါင် (သို့) ၁၀ ပေါင် အလေးတုံးလောက်ဆို လုံလောက်ပါပြီ။ ကွီးတို့က မာဆယ် တက်လာအောင် ဆော့ကစားတာမဟုတ်ဘဲ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ ရည်ရွယ်ချက်နဲ့ ဆော့ကစားတယ်ဆိုတာကို သတိရပါ။ ဒီလို အလေးတုံးများနဲ့ ပေါ့ပေါ့ပါးပါး Workout များကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ကွီးတို့အတွက်တော့ ညဘက်တွင် ခေါင်းအုံးပေါ်မှာ ခေါင်းချလိုက်ရုံနဲ့ ခေါ ခလူး ဖြစ်သွားမှာပါပဲ။

(၅) တရားထိုင်ခြင်း

ညဘက် မနိုး

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ စိတ်ကို တည်ငြိမ်လာအောင် ကူညီပေးပါလိမ့်မယ်။ မနက်ခင်း အချိန်မှာပဲဖြစ်ဖြစ် ညအိပ်ရာဝင်ခါနီးမှာပဲဖြစ်ဖြစ် တရားထိုင်ပေးနိုင်ပါတယ်။ တရားထိုင်ပေးခြင်းအားဖြင့် ဦးနှောက်ကို အနားပေးဖို့အတွက် အစပျိုးနေတာဖြစ်ပြီး ဘာအတွေးမှ ဝင်ရောက်မလာအောင် တားဆီးပေးပါတယ်။ လေ့လာချက်များအရ တရားထိုင်ခြင်းသည်လည်း ကွီးတို့ရဲ့ အိပ်စက်မှုစက်ဝန်းကို ချက်ချင်းပြောင်းလဲပေးပြီး အိပ်မောကျအောင် ကူညီပေးတဲ့နေရာမှာ ထိရောက်မှု အရှိဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ဆိုတာကို သိရှိရပါတယ်။

ကွီးတို့ရော ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့အတွက် ဘယ်လေ့ကျင့်ခန်းကို အသုံးပြုချင်ပါသလဲ။

Source: Somnologymd

Featured Image: Freepik