ပန်းသေပန်းညိုး ပြဿနာ (ED) ဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပြီး အသက် ၄၀ ကနေ ၇၀ ကြားမှာ အများဆုံး ကြုံတွေ့ရတက်ပါတယ်။ ကျန်းမာရေး နောက်ခံအခြေအနေ ၊ နေထိုင်မှု ပုံစံတွေ အပေါ်မူတည်ပြီး တချို့သော သက်လတ်ပိုင်း အမျိုးသားတွေမှာလည်း ကြုံတွေ့ရနိုင်ခြေ ရှိပါတယ်။ သတင်းကောင်းကတော့ ပန်းသေပန်ညိုး ပြဿနာကို ကုသနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတွေ များစွာရှိတာပါ။ ညီလေး ထောင်မတ်နိုင်ဖို့အတွက် အဓိကအရေးပါတဲ့ လုပ်ဆောင်ချက် ၃ ခု ရှိပါတယ်။ ဒါကတော့ အာရုံကြောစနစ် ၊ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ လိင်တံအတွင်း တစ်ရှူးတွေရဲ့တည်ဆောက်ပုံတွေ ကောင်းကောင်းအလုပ်လုပ် နိုင်ဖို့ပါပဲ။ ဒီလုပ်ဆောင်ချက် ၃ ခု အပေါ် သက်ရောက်မှုရှိတဲ့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံတွေကို မွေးမြူကျင့်သုံးမယ်ဆိုရင် ပန်းသေပန်းညိုး ပြဿနာ သက်သာပြီး ကျန်းမာလန်းဆန်းတဲ့ ညီလေးကို ပိုင်ဆိုင်နိုင်စေမှာပါ။ ဒီတစ်ခေါက်တော့ ညီလေးအမြဲတမ်း လန်းနေဖို့ ကွီးတို့ လိုက်နာရမယ့် အကြံပြုချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ

Kegel Exercise

Photo : Male Pelvic Floor Trainer

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ယို့ယွင်းပျက်စီးလာမှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကတော့ ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်း တစ်ခုခုကို ပုံမှန်လုပ်တာဟာ နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို မလိုလားအပ်တဲ့ အဆီပိုတွေကိုလည်း လျှော့ချပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ အဖြစ်များတဲ့ ပန်းသေပန်းညိုး ပြဿနာကိုလည်း လျှော့ချပေးနိုင်ပြီး ကျန်းမာတဲ့ ညီလေး ကို ပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ လိင်တံသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေဖို့ ကူညီပေးတဲ့ Kegel သို့မဟုတ် Pelvic Floor Exercise တွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

(၂) ညစ်ညမ်းရုပ်ရှင်တွေ ဖြတ်တောက်ပါ

pornography

Photo : Ballard Brief – BYU

မကြာသေးခင် သုတေသနပြုချက်တစ်ခုအရ ညစ်ညမ်းရုပ်ရှင်တွေ အလွန်အကျွံ ကြည့်တာဟာ လိင်အင်္ဂါ ချို့ယွင်းမှု တိုးလာခြင်းနဲ့ ဆက်စပ်နေတဲ့ နောက်ကွယ်က အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ ဆိုထားပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း ကြည့်ရှုနေမိမယ်ဆိုရင် သင့်ရဲ့ နေ့စဉ် လူမှုဘဝအပေါ် ထိခိုက်စေနိုင်ရုံမကပဲ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုး ၊ တန်ဖိုးထားမှုတွေ လျှော့ကျလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို တိုးလာစေမှာ ဖြစ်ပါတယ်။ ဒါတွေက ညီလေး ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေတဲ့ အချက်တွေပဲ မဟုတ်လား။ ဒါကြောင့် ညစ်ညမ်းရုပ်ရှင်တွေ ၊ အပြာဓာတ်ပုံတွေ ၊ ရုပ်သံဗီဒီယိုတွေကို နေ့တိုင်း စွဲစွဲလမ်းလမ်း ကြည့်နေမိတယ်ဆိုရင်တော့ ဒီနေ့ကစ ရပ်တန့်လိုက်ဖို့ အကြံပေးချင်ပါတယ်။

(၃) စိတ်အေးချမ်းစေမယ့် နည်းလမ်းတွေ ရှာဖွေပါ

meditation

Photo : ArtOfLiving.org

စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေဟာ ပန်းသေပန်းညိုးကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ စိတ်ဖိစီးမှု ၊ စိတ်ဓာတ်ကျခြင်းနဲ့ နာတာရှည် စိုးရိမ်သောက ခံစားနေရတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညိုးနဲ့ လိင်အင်္ဂါ ကမောက်ကမ ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို တက်နိုင်သမျှ လျှော့ချပြီး စိတ်အေးချမ်းစေမယ့် နည်းလမ်းတွေ ဥပမာ တရားထိုင်တာ ၊ ယောဂ လေ့ကျင့်တာ စတဲ့ အလေ့အကျင့်တွေကို လုပ်ဆောင်ပေးတာဟာ သင့် ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးကို အကျိုးဖြစ်ထွန်းစေရုံသာမက ဖွားဖက်တော် ညီလေး ကျန်းမာရေးကိုလည်း အကျိုးပြုနိုင်ပါတယ်။

(၄) ပြည့်ဝအဆီနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ

saturated fat and processed foods

Photo : Bacteriostatic Water Australia

ညီလေး ကျန်းမာရေးနဲ့ အာဟာရ ပြည့်စုံမျှတစွာ စားသုံးခြင်းကြားမှာလည်း ဆက်စပ်မှုရှိပါတယ်။ အဓိကအားဖြင့်တော့ ပြည့်ဝအဆီနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးတာဟာ ခန္ဓာကိုယ်တွင်း ကိုလက်စထရော မြင့်တက်စေသို သွေးတိုးရောဂါ သို့မဟုတ် ဆီးချိုရောဂါ တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ နာတာရှည် ပန်းသေပန်းညိုး ပြဿနာကို ဖြစ်ပေါ်စေနိုင်တဲ့ အဓိကအချက်တွေပါပဲ။ အကောင်းဆုံးကတော့ သွေးအတွင်းရှိ ဆဲလ်တွေကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများ ပိုစားပေးသင့်ပါတယ်။

(၅) အရက် / ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ

Drinking drugs smoking

Photo : Infosalus

အရက် ၊ ဘီယာ ၊ မူးယစ်ဆေးဝါးနဲ့ ဆေးလိပ်စတဲ့ အရာတွေကို အလွန်အကျွံ သုံးစွဲတာဟာ ကျန်းမာရေးအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု ရှိသလို ညီလေး ထောင်မတ်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အရက်နဲ့ ဆေးလိပ်တွေဟာ လိင်တံအတွင်း တစ်ရှုးတွေဆီသို့ သွေးစီးဆင်းမှုကို ကမောက်ကမ ဖြစ်စေတဲ့အတွက် ညီလေး လုံလောက်စွာ ထောင်မတ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အလားတူ အခြားမူးယစ်ဆေးဝါးနဲ့ အပန်းဖြေ Drugs တွေကို မကြာခဏ သို့မဟုတ် အလွန်အကျွံ သုံးစွဲခြင်းဟာလည်း လိင်အင်္ဂါ ကမောက်ကမပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Source : Numan

Featured Photo : Numan