အမျိုးသားတွေအတွက် ယောကျာ်းပီသမှု အပြည့်နဲ့ ကိုယ့်ရဲ့ တက်တူးကို လူမြင်အောင် ပြချင်တယ်ဆိုရင်တော့ ညှပ်ရိုး နေရာဟာ တက်တူး ထိုးဖို့ အကောင်းဆုံး နေရာတစ်ခုပါပဲ။ ညှပ်ရိုးမှာအရွယ်အစား ခပ်ကြီးကြီး ဒီဇိုင်းကြမ်းကြမ်း တက်တူးတွေ ရေးထိုးနိုင်သလို ခပ်သေးသေးနဲ့ အထာကျတဲ့ ဒီဇိုင်းတွေကိုလည်း စိတ်ကြိုက်ရေးထိုးနိုင်ပါတယ်။ တစ်ခုရှိတာက အရိုးနဲ့ နီးတဲ့ နေရာတစ်ခု ဖြစ်တာကြောင့် နာကျင်မှုကတော့ အနည်းငယ် ပိုရှိနိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ ညှပ်ရိုးပေါ်မှာ ထိုးဖို့အတွက် အလန်းဆုံး တက်တူးဒီဇိုင်းတွေ ဖြစ်ပါတယ်။

(၁) ငှက်ပုံ တက်တူးဒီဇိုင်း

Collarbone Bird Tattoo

Photo : The Trend Spotter

ဘဝရဲ့ လွတ်လပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု အယူအဆတွေကို မြတ်နိုးတန်ဖိုးထားသူတွေ ရေးထိုးသင့်တဲ့ တက်တူးဒီဇိုင်း တစ်ခုပါ။ ငှက်ပုံ တက်တူးဒီဇိုင်းဟာ ဒီအဓိပ္ပာယ်တွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။ ဆွဲဆောင်မှုရှိသလို ထူးခြားတဲ့ အနက်အဓိပ္ပာယ်တွေကိုလည်း ဖော်ဆောင်ပေးတဲ့အတွက် ငှက်ပုံ တက်တူး ဒီဇိုင်းဟာ ညှပ်ရိုးပေါ်မှာ ရေးထိုးဖို့အတွက် အသင့်တော်ဆုံး ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ အသားအရောင်ပေါ်မူတည်ပြီး အရောင်တွေ ထပ်ဖြည့်ရေးထိုးနိုင်ပါတယ်။

(၂) ငှက်မွှေး တက်တူးဒီဇိုင်း

Photo : The Trend Spotter

ငှက်မွှေးပုံ တက်တူးဒီဇိုင်းကတော့ ရဲရင့်မှု ၊ သတ္တိရှိမှုနဲ့ လွတ်လပ်မှုဆိုတဲ့ သဘောတွေကို ဆောင်ပါတယ်။ ငှက်မွှေးတောင်ကို ညှပ်ရိုး အပေါ်တည့်တည့်မှာ ရေးထိုးတဲ့ တက်တူး ဒီဇိုင်းကတော့ ယောကျာ်းလေး အများစု ရွေးချယ်ဖြစ်ကြတဲ့ ဒီဇိုင်းတွေထဲက တစ်ခုပါပဲ။ ရိုးရှင်းပေမယ့် ဆွဲဆောင်မှုရှိစေတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၃) Quote တက်တူးဒီဇိုင်း

Collarbone Quote Tattoo

Photo : The Trend Spotter

ကျွန်တော်တို့အတွက် စိတ်ခွန်အားရစေမယ့် အဓိပ္ပာယ်ရှိတဲ့ Quote တွေကို ညှပ်ရိုး ပေါ်မှာ အနုပညာ တစ်ခုအဖြစ် ပုံဖော်ရေးထိုး နိုင်ပါတယ်။ စာအုပ်တွေထဲက ၊ ဒါမှမဟုတ် ရုပ်ရှင်တွေထဲက ကိုယ်အကြိုက်ဆုံး Quote တွေကို ထုတ်နုတ်ပြီး တက်တူးအနုပညာ တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ ညှပ်ရိုးနေရာဟာ နေရာကျဉ်းပြီး ဧရိယာအကန့်အသတ် ရှိတာကြောင့် စာလုံးနည်းနည်းနဲ့ တိုတိုထိထိ Quote တွေကို ရွေးချယ်ရေးထိုးတာ ပိုကောင်းပါတယ်။

(၄) မြွေပုံ တက်တူးဒီဇိုင်း

Collarbone Quote Tattoo

Photo : The Trend Spotter

မြွေပုံတက်တူးတွေဟာ အထာကျပြီး ကြမ်းတမ်းသဘောကို ဆောင်တဲ့အတွက် အမျိုးသားအများစု နှစ်သက်ကြပါတယ်။ တကယ်တော့ အဲ့ဒီထက်ပိုလေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေပါသေးတယ်။ မြွေပုံ တက်တူးဒီဇိုင်းတွေဟာ ဉာဏ်ပညာကြီးခြင်းနဲ့ အသွင်ပြောင်းခြင်း ၊ ပြန်လည်မွေးဖွားခြင်းဆိုတဲ့ သဘောကိုဆောင်တဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ မြွေပုံ တက်တူးဒီဇိုင်းကို ညှပ်ရိုး ပေါ်မှာ ရေးထိုးမယ်ဆိုရင်တော့ လိမ်ပြီးခွေနေတဲ့ ဒီဇိုင်းမျိုးက ပိုထင်ရှားပြီး ပိုမိုပေါ်လွင် စေပါလိမ့်မယ်။

(၅) Minimalist တက်တူးဒီဇိုင်း

Collarbone Minimalist Tattoo

Photo : The Trend Spotter

ညှပ်ရိုး ပေါ်မှာ သေးသေးကျစ်ကျစ်နဲ့ အထာကျတဲ့ ဒီဇိုင်းလေးတွေ ရေးထိုးချင်ရင်တော့ Minimalist ဆန်တဲ့ တက်တူးဒီဇိုင်းတွေကို ရွေးချယ်နိုင်ပါတယ်။ ကိန်းဂဏန်းလေးတွေ ၊ နာမည်အတိုကောက်စာလုံးလေးတွေ ၊ အမှတ်သင်္ကေတတွေ စသည်ဖြင့် မိမိစိတ်ကြိုက် ရေးထိုးနိုင်ပါတယ်။ အရွယ်အစားသေးပြီး Minimalist ဖြစ်တဲ့အတွက် နာကျင်မှုလည်း ပိုနည်းစေမှာဖြစ်လို့ တက်တူးအခုမှ စထိုးမယ့်သူတွေအတွက်လည်း သင့်တော်ပါတယ်။

Featured Photo : Top Trends Guide