တက်တူးဆို အရမ်းဟဲဗီးကြီးတွေမဟုတ်ပဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဒီဇိုင်းလေးတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ Minimalist တက်တူးဒီဇိုင်း လေးတွေက အသင့်တော်ဆုံးပါပဲ။ Minimalist တက်တူးတွေဆိုတာ အရွယ်အစား ခပ်သေးသေးနဲ့ လိုင်းတွေ ၊ ရောင်စုံကာလာတွေကို အသုံးပြုပြီး ရိုးရိုးရှင်းရှင်း ဒီဇိုင်းလေးတွေ ရေးထိုးရတာဖြစ်တဲ့အတွက် ချစ်ဖို့ကောင်းသလို ဖန်စီလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် ဂေါ်ချင်တဲ့ တက်တူးချစ်သူတွေအတွက် အမိုက်စား တက်တူးဒီဇိုင်းအိုင်ဒီယာ အချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) နေကြာပန်းပွင့်ပုံ တက်တူးဒီဇိုင်း

Tattoo

Photo : The Trend Spotter

နေကြာပန်းပွင့်ပုံ တက်တူးဒီဇိုင်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ တက်တူးရေးထိုးချင်သူတွေအတွက် ကွက်တိပါပဲ။ နေကြာပန်းဟာ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ရိုးရိုးရှင်းရှင်း မင်အနက်ကာလတစ်မျိုးတည်းကို အသုံးပြုပြီး ရေးထိုးနိုင်သလို ကာလာဖြည့်ချင်သူတွေအနေနဲ့လည်း ပျော်ရွှင်မှုကိုကိုယ်စားပြုတဲ့ နေကြာပန်းရဲ့ အဝါရောင် ကာလာလေးကို ထည့်သွင်းရေးထိုး နိုင်ပါတယ်။

(၂) ဟယ်ရီပေါ်တာ တက်တူးဒီဇိုင်း

Harry Potter Tattoo

Photo : The Trend Spotter

ဒါကတော့ ဟယ်ရီပေါ်တာ ဖန်တွေအတွက်ပါ။ ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကွဲပြားတဲ့ ဇာတ်ကောင်တွေနဲ့ သင်္ကေတတွေ အများကြီးရှိတဲ့အတွက် ကွီးတို့စိတ်ကြိုက် ဒီဇိုင်းလေးတွေကို ရွေးချယ်ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဟယ်ရီရဲ့ မျက်မှန်လေးကစလို့ မှော်တုတ်တံ ၊ Quidditch ပြိုင်ပွဲမှ Golden Snitch လို့ခေါ်တဲ့ ရွှေဘောလုံးလေးတွေအထိ သင်္ကေတများစွာကို ရွေးချယ် ရေးထိုးလို့ ရနိုင်ပါတယ်။ အရွယ်အစားခပ်သေးသေးနဲ့ ဒီဇိုင်းအားဖြင့်လည်း ရိုးရိုးရှင်းရှင်း Minimalist ဆန်ဆန် လိုင်းကောက်ကြောင်းတွေကိုပဲ သီးသန့်သုံးပြီး အထာကျကျ ရေးထိုးနိုင်ပါတယ်။

(၃) အနီရောင် အသည်းနှလုံးပုံ တက်တူးဒီဇိုင်း

Heart Tattoo

Photo : The Trend Spotter

အသည်းနှလုံးပုံ တက်တူးဒီဇိုင်းကိုမှ ပိုပြီး ထူးခြားသွားစေဖို့ မင်နီကို အသုံးပြုပြီး ရေးထိုးနိုင်ပါတယ်။ မင်နီတက်တူးတွေက ဒီနေ့ခေတ်မှာ တကြော့ပြန် ပြန်လည်ရေပန်းစားလာတဲ့ တက်တူးစတိုင်တွေထဲက တစ်ခုပါ။ အနီရောင် အသည်းနှလုံးပုံ တက်တူးဒီဇိုင်းလေးကတော့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသလို စိတ်အားထက်သန်မှုနဲ့လည်း ဆက်နွှယ်နေပြီး တန်ဖိုးထားမှု ၊ ကရုဏာစိတ်နဲ့ မေတ္တာတရားတွေကို ဖော်ကြူးရာမှာ အပြည့်ဝဆုံး အဓိပ္ပာယ်ကို ဖော်ဆောင်ပေးမယ့် တက်တူးဒီဇိုင်းတစ်ခုပါပဲ။

(၄) Cactus တက်တူးဒီဇိုင်း

Cactus Tattoo

Photo : The Trend Spotter

Cactus လို့ခေါ်တဲ့ ရှားစောင်းမျိုးနွယ်ဝင် အပင်လေးတွေဟာ တကယ်ကိုပဲ ချစ်စရာကောင်းသလို စိတ်ဝင်စားဖို့ကောင်းတဲ့ အဓိပ္ပာယ်တွေလည်း အများကြီး ရှိပါတယ်။ Cactus တက်တူးဒီဇိုင်းလေးရဲ့ အဓိပ္ပာယ်ကို ပြောရမယ်ဆိုရင် ဘဝမှာ ဘယ်လိုအခက်အခဲပဲ ကြုံလာကြုံလာ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ပြီး ရှားစောင်းပင်လေးတွေလိုပဲ သန်မာကြံ့ခိုင်မှုအပြည့်နဲ့ခံနိုင်ရည်ရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အနေနဲ့ ရေးထိုးနိုင်ပါတယ်။ ယောကျာ်းလေးတွေရော မိန်းကလေးတွေမှာထိုးလို့ အဆင်ပြေတဲ့ ချစ်စရာ တက်တူးဒီဇိုင်းလေးတစ်ခု ဖြစ်ပါတယ်။

(၅) နေမင်းပုံ တက်တူးဒီဇိုင်း

Sun Tattoo

Photo : The Trend Spotter

ပေါ့ပေါ့ပါးပါးနဲ့ ဂေါ်ဆန်ချင်တယ်ဆိုရင်တော့ နေမင်းပုံ တက်တူးဒီဇိုင်းကလည်း သေချာပေါက် ရွေးချယ်ရေးထိုးသင့်တဲ့အထဲမှာ ပါပါတယ်။ နေမင်းဆိုတာဟာ အလင်း ၊ အသက် ၊ နွေးထွေးမှု ၊ ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပာယ်များစွာနဲ့ ဆက်စပ်နေတဲ့ စွမ်းအားအရှိဆုံး သင်္ကေတတစ်ခု ဖြစ်ပါတယ်။

Featured Photo : Saved Tattoo