ကျွန်တော်တို့ တက်တူး ပုံသစ်တစ်ပုံ ထိုးပြီးပြီဆိုတာနဲ့ တက်တူးပုံရဲ့ ပုံထွက်အရည်အသွေး ၊ အရောင်အသွင်အပြင်တွေ ကောင်းမွန်နေစေဖို့နဲ့ ပိုးဝင်တာ ၊ ဘက်တီးရီးယား ကူးစက်တာတွေ မရှိစေဖို့ သေချာ Care လုပ်ပေးဖို့ လိုပါတယ်။ ကွီးတို့ ထိုးလိုက်တဲ့ တက်တူးပုံက အရွယ်အစား ကြီးကြီးသေးသေး အနာသေချာကျက်သွားသည်အထိ ဂရုစိုက်ပေးရမှာပါ။ ကွီးတို့ကို ထိုးပေးမယ့် တက်တူးပညာရှင်တွေကိုလည်း ဘယ်လိုဘယ်ပုံ ဂရုစိုက်ရမယ်ဆိုတာကို မေးမြန်းလို့ရသလို အခုဆောင်းပါးလေးကို ဖတ်ထားခြင်းဖြင့်လည်း ကွီးတို့ရဲ့ တက်တူးပုံအသစ်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ ကဲဒါဆို အဆုံးထိဆက်ဖတ် ကြည့်ရအောင်ပါ။

Tattoo Aftercare

Photo : Pictures of Lily

တက်တူး ထိုးပြီးချိန်မှာ ကွီးတို့ရဲ့ တက်တူးပုံသစ်ကို ထိုးပေးတဲ့ တက်တူး Artis က ပတ်တီးနဲ့ ဖုံးအုပ်ပေးကြောင်း သေချာပါစေ။ ပတ်တီးကို ၂၄ နာရီကြာပြီးနောက်မှ ဖယ်ရှားပါ။ (သို့မဟုတ် တက်တူးပညာရှင် အကြံပြုထားတဲ့အတိုင်း လိုက်နာပါ)။ ပတ်တီးမချွတ်ခင် လက်တွေကို သန့်ရှင်းစင်ကြယ်နေစေဖို့ အရင်ဆုံး ဆပ်ပြာနဲ့ သေချာဆေးကြော သန့်စင်ပေးရပါမယ်။

ထို့နောက် တက်တူးကို ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး ညင်သာစွာ ဆေးကြောသန့်စင်ပေးပါ။ ပြီးရင်တော့ သန့်စင်တဲ့ပုဝါ သို့မဟုတ် အဝတ်သန့်နဲ့ ခြောက်အောင်သုတ်ပါ။ ပြီးရင် အနာကျက်မြန်စေဖို့ အစိုဓာတ်ထိန်း Antibiotic Ointment လိမ်းပေးပါ။ နောက်ထပ်တစ်ကြိမ် ပတ်တီးထပ်ပတ်ဖို့ မလိုတော့ဘူးဆိုတာတော့ သတိပြုပါ။

တက်တူး ဧရိယာနေရာတဝိုက်ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး တစ်နေ့ကိုသုံးကြိမ် ဂရုတစိုက်ဆေးကြောပြီး ညင်သာစွာ ခြောက်အောင်သုတ်ပါ။ တက်တူးကို အစိုဓာတ်ပြည့်ဝနေစေဖို့ ဆေးကြောသန့်စင်ပြီးနောက် အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် Ointment ကို ဆက်လိမ်းပါ။ ၅ ရက်လောက် လိမ်းပြီးပြီဆိုရင်တော့ Antibiotic Ointment ကနေ အမွှေးရနံ့မရှိတဲ့ Fragrance-Free Body Lotion ပြောင်းလိမ်းပေးနိုင်ပါတယ်။

အထက်ပါ အဆင့်တွေကို တက်တူး အသစ်ထိုးပြီး ၂ ပတ်ကနေ ၄ ပတ်အထိ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Tattoo Aftercare

Photo : Rad Ink

ကွီးတို့ ထိုးထားတဲ့ တက်တူးက အနာကျက်လာပြီဆိုတာနဲ့ ယားယံတာ ၊ အရေပြားအပေါ်ယံကြော တင်းလာတာမျိုးတွေ ခံစားရတက်ပါတယ်။ စိတ်မပူပါနဲ့။ ပုံမှန်ပါပဲ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ယားယံနေချိန် ကုပ်တာ ၊ ဖဲ့တာတွေ မလုပ်မိစေဖို့ပါ။ ဒါက ပိုးဝင်တာ ၊ ဘက်တီးရီးယား ကူးစက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။

တက်တူး အသစ်ထိုးပြီးချိန် ၂ ပတ်အတွင်း ရေကူးတာ ၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ အချိန်ကြာကြာ နေတာမျိုး အထူးရှောင်ကြဉ်ရပါမယ်။ တက်တူးပုံထွက် ၊ အရောင်ကာလာ အကောင်းဆုံးဖြစ်စေဖို့နဲ့ အနာကျက်တဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်းအလုပ်ဖြစ်စေဖို့ ကွီးတို့ရဲ့ တက်တူးပုံသစ်ကို နေရောင်နဲ့ တိုက်ရိုက်မထိတွေ့စေဘဲ ခြောက်သွေ့အောင် ထားရပါမယ်။

နောက်ပြီး ကျပ်လွန်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ အဓိကအားဖြင့် တက်တူးပေါ်မှာ ကပ်နေတဲ့အဝတ်အစားတွေက သက်တောင့်သက်သာမဖြစ်စေပဲ အနာကျက်ဖို့ နှောင့်နှေးစေနိုင်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း ရေအေးနဲ့သာ ချိုးပေးပါ။ ရေနွေးနဲ့ ရေးချိုးတာက နာကျင်မှုကို ခံစားစေရုံသာမက တက်တူးဆေးရောက်ကိုပါ မှေးမှိန်စေနိုင်ပါတယ်။

Tattoo Aftercare

Photo : Mad Rabbit

တက်တူး ပုံအသစ်ထိုးပြီးတဲ့အခါ နေရောင်ကာခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်ကို မကြာခဏသုံးပေးဖို့လည်း လိုပါတယ်။ တက်တူး ထိုးပြီးပြီးချင်းမှာ ဆေးရောင်က သစ်လွင်တောက်ပြောင် နေတက်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အရောင်မှန်သွားတက်တယ်ဆိုတာ သတိပြုပါ။ တက်တူးရဲ့ အရောင်ကို တောက်ပနေစေဖို့ အထူးသဖြင့် နွေရာသီကာလတွေ ၊ နေပူထဲသွားတဲ့အချိန်တွေမှာ နေရောင်ကာခရင်မ်ကို အမြဲလိမ်းပါ။ နေရောင်ခြည်ဒဏ်ကိုအကောင်းဆုံး ကာကွယ်နိုင်ဖို့အတွက် SPF 30 နဲ့အထက်ရှိတဲ့ နေရောင်ကာခရင်မ်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အလာတူး ကွီးတို့ရဲ့ တက်တူးပုံသစ်ကို နေ့စဉ် အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးဖို့လည်း လိုပါတယ်။

Featured Photo : Mastilo Studios