အိပ်ရာ နိုးနိုးချင်း အကြောလျော့ ပေးတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ပြေလျော့စေပြီး တစ်နေ့တာလုံး လှုပ်ရှားသွားလာရ ပိုမိုကောင်းမွန်စေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ အကြောလျော့ဖို့အတွက် အချိန်အားဖြင့်လည်း ၁၀ မိနစ်လောက်ပဲ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ခန္ဓာကိုယ်မှာရှိတဲ့ တင်းနေသမျှ အကြောတွေကို ပြေလျော့စေဖို့ မနက်ခင်း အိပ်ရာနိုးချိန်မှာ ပြုလုပ်သင့်တဲ့ အကြောလျော့ လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) Low Lunge

Photo : Mens Fitness
အရင်ဆုံး ဒူးတစ်ဖက်ကို ထောင်ထားပြီး ကျန်ခြေထောက်တစ်ဖက်ကို နောက်သို့ပစ်ထားပါ။ ခန္ဓာကိုယ်အလေးချိန်ကို ရှေ့ခြေဖနောင့်ပေါ်မှာ ဖိထားပါ။ Glutes ကြွက်သားတွေကို တင်းကြပ်စွာ ဖိထားပေးရပါမယ်။ ဒီနည်းအတိုင်း ခြေထောက်ကို ဘယ်ညာပြောင်းပြီး အကြောလျော့ပေးပါ။
(၂) Kneeling Lunge

Photo : Mens Fitness
အပေါ်က Low Lunge လုပ်နည်းနဲ့ ဆင်တူပါတယ်။ ဒူးတစ်ဖက်ကိုထောင်ထားပြီး ကျန်ခြေထောက်တစ်ဖက်ကို တင်ပါးနဲ့ ပိုမိုနီးကပ်အောင် ဆွဲကပ်ထားပါ။ ခါးကို ဖြောင့်ဖြောင့်မတ်မတ် အနေအထားမှာ ရှိပါစေ။ ခြေထောက်တွေကို ဘယ်ညာပြောင်းပြီး ကစားပေးပါ။
(၃) Pigeon Pose

Photo : Mens Fitness
ခန္ဓာကိုယ်ကို မှောက်လျက်အနေအထားနဲ့ ဝမ်းဗိုက်အောက်မှာ ခြေထောက်တစ်ဖက်ကို ကွေးညွှတ်ထားပါ။ ကျန်ခြေထောက်တစ်ဖက်ကိုတော့ နောက်သို့ ဖြောင့်ဖြောင့်တန်းတန်း ထားလိုက်ပါ။ လက်တွေကိုတော့ သက်တောင့်သက်သာ ကြမ်းပြင်မှာ ချထားပေးပါ။ ခြေထောက်တွေကို ဘယ်ညာပြောင်းလဲပြီး ကစားပေးရပါမယ်။
(၄) Thread The Needle

Photo : Mens Fitness
အရင်ဆုံး လေးဘက်ထောက် အနေအထားနဲ့ ခန္ဓာကိုယ်ကို ပုံစံယူပါ။ ခန္ဓာကိုယ် အပေါ်ပိုင်းကို ရှေ့သို့ကိုင်းချပြီး လက်တစ်ဖက်ကို ရင်ဘတ်အောက်ကနေ ခန္ဓာကိုယ်ရဲ့ဆန့်ကျင်ဘက်သို့ ပို့ထားလိုက်ပါ။ ခါးကို ကုန်းနေကွနေတာမျိုး မဖြစ်ပါစေနဲ့။ ဒီနည်းအတိုင်း လက်ကိုဘယ်ညာပြောင်းလဲပြီး ပြုလုပ်ပေးရပါမယ်။
အခုပြောပြတဲ့ အကြောလျော့နည်းတွေကို မနက်ခင်းအိပ်ရာ နိုးနိုးချင်းမှာ ပြုလုပ်ပေးမယ်ဆိုရင် ကြွက်သားနဲ့ အရိုးအဆစ်တွေ ပြေလျော့ပြီး ပေါ့ပါးလန်းဆန်းမှုတွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : Mens Fitness
