ခရီးသွားခြင်း က ကျွန်တော်တို့အတွက် များပြားလှတဲ့ အကျိုးတွေ ရစေတာ အမှန်ပါပဲ။ အပန်းဖြခရီးပဲ ဖြစ်စေ၊ စွန့်စားဖို့အတွက်ပဲ ဖြစ်စေ၊ ဗဟုသုတရှာချင်လို့ပဲ ဖြစ်စေ၊ တစ်နှစ်မှာ တစ်ခါလောက်တော့ ခရီးထွက်သင့်ပါတယ်။ ဒါ့အပြင် အများနဲ့ ခရီးသွားတာဘဲ ဖြစ်ဖြစ်၊ တစ်ဦးတည်း ခရီးသွားတာဘဲ ဖြစ်ဖြစ် အကျိုးရှိတာတော့ အမှန်ပါ။ တစ်ကိုယ်တော် ခရီး သွားခြင်းက အခြားသူများနဲ့ ခရီးသွားခြင်းထက် ပိုကောင်းတဲ့ အချက်တွေရှိတာ အမှန်ပါ။ အထူးသဖြင့် ခရီးစဉ်အတွင်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ညှိုနှုင်းစရာမလို၊ စောင့်ဆိုင်းစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် စီမံလို့ ရတာပဲ ဖြစ်ပါတယ်။

တစ်ကိုယ်တော် တွေးတောမယ်၊ ခရီးဆန့်မယ်၊ အပြည့်အဝ အနားယူမယ် စသည်ဖြင့် စိတ်ကြိုက် ခရီးစဉ်ကို ဖန်တီးနိုင်တာက တကယ်ကို စိတ်ကျေနပ်စရာပါပဲ။ ဒီဆောင်းပါးလေးမှာတော့ တစ်ကိုယ်တော် အေးဆေးဆေးဆေး ခရီးထွက်ချင်တဲ့ ကွီး တို့အတွက် ကမ္ဘာပေါ်က အကောင်းဆုံးသော နိုင်ငံများ ကိုဖော်ပြပေးချင်ပါတယ်။

Iceland

တစ်ကိုယ်တော် ခရီး

Photo : Back packer

တစ်ယောက်တည်း အေးအေးဆေးဆေး ခရီးသွားချင်တဲ့ ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ နိုင်ငံတစ်ခုကတော့ Iceland ပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်း တွေးတောပြီး အေးဆေးအနားယူချင်ပါက မြောက်အတ္တလန္တိတ်ရှိ ဒီနေရာရဲ့ အသွင်အပြင်က ပြီးပြည့်စုံသော နောက်ခံကို ပံ့ပိုးပေးပါလိမ့်မယ်။ စူးစမ်းလေ့လာရန် ဂူများ၊ မီးတောင်များ၊ ရေခဲမြစ်များ ကလည်း ကွီးတို့ရဲ့ အာရုံကို အပြည့်အဝ ဆွဲဆောင်နိုင်မှာပါ။ Iceland က ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနိုင်ငံဖြစ်တာကြောင့် တစ်ကိုယ်တော်ခရီးသွားများအတွက် စိုးရိမ်မှုကင်းစွာဖြင့် လည်ပတ်နိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ပေါ်တူဂီ

တစ်ကိုယ်တော် ခရီး

Photo : Time Out

ပေါ်တူဂီက ခရီးသွားများအတွက် ရေပန်းအစားဆုံး နေရာတစ်ခုဖြစ် ခရီးသွားဆုများနှင့် ဂုဏ်ပြုခြင်းများကို မကြာခဏ ရရှိတဲ့ ခရီးသွားနေရာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီရဲ့ အိပ်မက်ကဲ့သို့ အလှတရားများက ကမ္ဘာတစ်ဝှမ်းမှ စွန့်စားသူများကို ဆွဲဆောင်နေပါတယ်။ ကွီးတို့အနေနဲ့ တစ်ကိုယ်တော်ခရီးသွားရင်း စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေ ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းများကိုလည်း ခံစားနိုင်ပါတယ်။

နယ်သာလန်

တစ်ကိုယ်တော် ခရီး

Photo :State Department

ပထမဆုံး တစ်ကိုယ်တော် ခရီးသွားသူများအတွက်၊ နယ်သာလန်က ကွီးတို့ရဲ့ ခရီးသွားခြေရာလေးများ ချဖို့ အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ နယ်သာလန်ရဲ့ ရေပန်းစားသော မြို့ပြပန်းခြံတစ်ခုဖြစ်တဲ့ Vondelpark တွင် စတင်ကာ Van Gogh ပြတိုက်ကဲ့သို့သော ကမ္ဘာကျော်ပြတိုက်များသို့ စက်ဘီးစီးကာ လမ်းတစ်လျှောက် လှပသောတူးမြောင်းများနှင့် တံတားများကိုဖြတ်ကာ အလှတရားများကို ရှုစားလို့ရပါတယ်။ ဒါ့အပြင် နယ်သာလန် နိုင်ငံရဲ့ လှပတဲ့ ကျူးလစ်ပန်းခင်းများကိုလည်း ဧပြီနဲ့ မေလမှာ ကြည့်ရှုခံစားနိုင်ပါတယ်။

ဂျပန်

japan

Photo : Shutter Stock

ဒီအာရှထဲမှာပဲ တစ်ကိုယ်တော် ခရီးထွက်ချင်တယ်ဆိုရင် ဂျပန် က ရွေးချယ်လို့ကောင်းတဲ့ နေရာတစ်ခုပါ။ ခေတ်မှီ မိုးမျှော်တိုက်များနဲ့ ပြည့်နေတဲ့ မြို့ကြီးများကနေ အေးချမ်းတဲ့ ဝါးတောများရှိရာ ကျေးလက်ဒေသများအထိ တကယ်ကို လည်ပတ်လို့ကောင်းတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေကို လေ့လာရင်း ဘုရားကျောင်းများအထိ ရသခံစားမျိုးစုံခံစားနိုင်တဲ့အပြင် ကမ္ဘာပေါ်မှာ အထိရောက်ဆုံး အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်ရှိတဲ့ ဂျပန်နိုင်ငံကို တစ်ခါလောက်တော့ တစ်ယောက်တည်း အလည်သွားဖို့ တိုက်တွန်းချင်ပါတယ်။

ဗီယက်နမ်

vietnam

Photo : Jacky Vietnam Travel

တစ်ကိုယ်တော် ခရီး ထွက်ချင်တဲ့ ကွီးတို့အတွက် ထည့်သွင်းစဉ်းစား သင့်တဲ့ ပြည်ပနိုင်ငံများထဲက တစ်ခုကတော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တဲ့ ဗီယက်နမ် ကလည်း အပါအဝင်ပါပဲ။ ဗီယက်နမ်မှာ သဘာဝတရားကြီးက ပေးထားတဲ့ အုံ့ဆိုင်းနေသည့် တောင်များ ၊ ပြောင်လက်တောက်ပနေသော စပါးခင်းများနှင့် ဗီယက်နမ်မြောက်ပိုင်းရဲ့  စွဲမက်ဖွယ်ကောင်းသော ရေတံခွန်များ ၊ သဲဖြူဖြူဖွေးဖွေးနဲ့ ပင်လယ်ကမ်းခြေများက တကယ်ကို ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ပါတယ်။

Source: Time Out, Travel Le Leisure

Featured Photo : Travel