တစ်ကိုယ်ရည် အာသာဖြေ ခြင်းက အိပ်ပျော်ဖို့ ခက်တဲ့ ညနက်တွေကို ကျော်လွန်စေတယ်လို့ ပြောကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါက တကယ်ပဲ အလုပ်ဖြစ်ပါသလား ? တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ အိပ်စက်မှုကြားက ဆက်နွယ်ချက်တွေကို တစ်ချက်လေး လေ့လာကြည့်ရအောင်ပါ။

အိပ်ရာမဝခင် တစ်ကိုယ်ရည် အာသာဖြေခြင်းက စိတ်ပိုင်းဆိုင်ရာ အပန်းပြေမှုကို ရစေသလား ?

Masturbation

Photo : IndiaTimes

ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ဖို့အတွက်ဆိုရင် Relax ဖြစ်နေဖို့ လိုပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းက ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကတော့ စိတ်အပန်းပြေစေတဲ့ အာနိသင်ကြောင့်ပါ။ ချစ်တင်းနှောခြင်း သို့မဟုတ် တစ်ကိုယ်ရည် အာသာဖြေခြင်းကနေ ရရှိတဲ့ အထွတ်အထိပ် ခံစားမှုဟာ Endorphins လို့ ကောင်းမွန်တဲ့ သဘာဝ ဓာတုပစ္စည်းတွေကို ခန္ဓာကိုယ်ကနေ ထုတ်လွှတ်ပေးတာကြောင့် စိတ်ရောကိုယ်ပါ အပန်းပြေစေပြီး ကောင်းမွန်အိပ်ပျော်စေနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

တစ်ကိုယ်ရည် အာသာဖြေခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါသလား ?

masturbation

Photo : ABC

တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ပါးသက်သာစေဖို့ရန်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုင်ရာ သုတေသနစစ်တမ်းတွေအရ ဖြေဆိုသူ ထက်ဝက်ကျော်ခန့်ဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ သက်သာရာရစေဖို့ တစ်ကိုယ်ရည် အာသာဖြေခြင်း အလေ့အထကို လုပ်ဆောင်လေ့ ရှိတယ်လို့ ဆိုထားပါတယ်။ တစ်ဆက်တည်းမှာပဲ တစ်ကိုယ်ရည် အာသာဖြေခြင်းကနေ မိမိကိုယ်ကိုယ် သာယာကျေနပ်ဖွယ် စိတ်ခံစားမှုနဲ့အတူ အိပ်ရာထက်မှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားစေနိုင်တဲ့ အကျိုးရလဒ်ကိုလည်း ပေးစွမ်းတယ်လို့ ဖြေဆိုထားကြပါတယ်။

ဟုတ်ပါတယ် တစ်ကိုယ်ရည် အာသာဖြေ ခြင်းက စိတ်ဖိစီးမှုများစေတဲ့ အတွေးတွေနဲ့ အာရုံပျံ့လွင့်မှုတွေကို လျှော့ကျသက်သာစေပြီး ကောင်းမွန်စွာ အိပ်စက်အနားယူမှုကို ရစေနိုင်မှာပဲ ဖြစ်ပါတယ်။

အော်ဂဇင်ရခြင်းက ဟော်မုန်းအပြောင်းအလဲတွေကို ဘယ်လိုဖြစ်ပေါ်စေသလဲ ၊ အိပ်စက်ခြင်းနဲ့ ဘယ်လိုဆက်စပ်နေပါသလဲ ?

Masturbation

Photo : Man Matters

အထွတ်အထိပ် ခံစားချက် တစ်နည်းအားဖြင့် အော်ဂဇင်ရတဲ့အခါမှာ အောက်ဆီတိုဇင် (Oxytocin)နဲ့ ဒိုပါမင်း (Dopamine) အပါအဝင် နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ ဟော်မုန်းအမျိုးမျိုးကို ထုတ်ပေးပါတယ်။ အဆိုပါ အစွမ်းထက် ဟော်မုန်းတွေဟာ အိပ်စက်ခြင်း လုပ်ငန်းစဉ်ကို ကောင်းစွာ အကျိုးပြုပေးပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ သက်တောင့်သက်သာ အိပ်ပျော်စေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့် တစ်ကိုယ်ရည် အာသာဖြေခြင်းက ကျွန်တော့်တို့ကို တကယ်ပဲ အိပ်ပျော်စေမှာလား ?

Masturbation

Photo : My Fit Brain

လူပေါင်း ၁၀၀ ခန့်ကို ချစ်တင်းနှောခြင်း သို့မဟုတ် တစ်ကိုယ်ရည် အာသာဖြေ ခြင်းဆိုင်ရာ လေ့လာမှုစစ်တမ်းတစ်ခု ကောက်ယူခဲ့တဲ့ ရလဒ်တွေအရ ၅၄ ရာခိုင်နှုန်းခန့်ဟာ အော်ဂဇင် ရရှိပြီးနောက် ပိုမိုကောင်းမွန်စွာ အိပ်ပျော်နိုင်ကြတယ်လို့ ဆိုထားပါတယ်။ သို့သော်လည်း တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းတို့ကြား တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတဲ့ တိတိကျကျ သက်သေအထောက်အထားတော့ မရှိပါဘူး။

အော်ဂဇင် ရရှိမှုကနေ ခန္ဓာကိုယ်အတွင်းက ထွက်လာတဲ့ ဓာတုပစ္စည်းတွေဟာ စိတ်အေးလက်အေး ပျော်ရွှင်ကျေနပ်မှုကို ရရှိစေနိုင်ပေမယ့် ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရစေနိုင်မယ့်လို့ တိတိကျကျ အာမခံချက် မပေးနိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံနဲ့ ခံစားမှုတွေကလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အမှန်မှာ အချို့သောသူတွေမှာ တစ်ကိုယ်ရည် အာသာဖြေပြီးနောက် လန်းဆန်းမှုနဲ့ တက်ကြွမှု ပိုရတယ်လို့ ဆိုကြပါတယ်။

အိပ်စက်ခြင်းဟာ လူနေမှုပုံစံ ၊ အိပ်ခန်းအနေအထားနဲ့ ကျန်းမာရေးအခြေအနေ အပါအဝင် အခြားအကြောင်းအရင်း အမျိုးမျိုးရဲ့ လွှမ်းမိုးမှုရှိတဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တာကြောင့် တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ဆက်စပ်ပြီး လူတစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားတဲ့ ရလဒ်အမျိုးမျိုး ထွက်ပေါ်နိုင်တယ်ဆိုတာကို နားလည်ထားရပါမယ်။

ကွီးတို့ရော တစ်ကိုယ်ရည် အာသာဖြေ ခြင်းက ပိုပြီးကောင်းမွန်စွာ အိပ်ပျော်စေသလား ? ဒါမှမဟုတ် တက်ကြွလန်းဆန်းစေသလား ? ဘယ်လိုထင်ပါသလဲ?

Source : Numan

Featured Photo : The Wright Initiative