မန်စီးတီးနဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်း ကတော့ သောကြာနေ့က ဒူဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2023 Globe Soccer Awards ဆုပေးပွဲ အခမ်းအနားမှာ တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆုကို ဆွတ်ခူးရရှိ သွားခဲ့ပါတယ်။

Erling Haaland

Photo : ANI News

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲမှာ သွင်းဂိုး ၃၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေ ရရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလို ထူးခြားတဲ့ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့ပေမယ့်လည်း ဘော်လွန်းဒီအော်ဆုနဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေမှာတော့ မက်ဆီကို ရှုံးနိမ့်ခဲ့ပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ သောကြာနေ့က ပွဲကိုမတက်ရောက်ခဲ့ပေမယ့်လည်း တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ပါဝင်ခဲ့ပါတယ်။ ဆန်ခါတင်စာရင်းမှာ ဘယ်လင်ဟမ် ၊ ဘန်ဇီမား ၊ ဒီဘရိုင်း ၊ ဘာပေ ၊ အိုစီမန် ၊ ဆာလာ ၊ ဆေးဗား နဲ့ ဗင်နီစီယက်တို့လည်း ပါဝင်ခဲ့ပါတယ်။

ဆုပေးပွဲအခန်းအနားမှာ တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို တရားဝင်မကြေငြာခင် ဟာလန်းနဲ့ ရော်နယ်ဒို တို့ကို ဖန်သားပြင်ပေါ်မှာ ယှဉ်တွဲပြသခဲ့ပြီး ရော်နယ်ဒို ကတော့ ကင်မရာတွေကို ဟာလန်းရှိရာဆီသို့ လက်ညိုးထိုး ညွှန်ပြနေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယခင်က အဆိုပါဆုကို ၆ ကြိမ်တိုင် စံချိန်တင် ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် ၊ ၂၀၁၄ ခုနှစ် ၊ ၂၀၁၆ ခုနှစ် ၊ ၂၀၁၇ခုနှစ် ၊ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၇ ကြိမ်မြောက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနဲ့ လွဲချော်ခဲ့ပေမယ့် ရှေ့အလယ်ပိုင်း အကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

Erling Haaland

Photo : LatestLY

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာနဲ့ ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း ၅၉ ပွဲကစားခဲ့ကာ သွင်းဂိုး ၅၄ ဂိုး သွင်းပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မာရာဒိုနာဆုကိုပါ ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် အယ်လ်နာဆာနဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ပရိသတ်တွေရဲ့တစ်နှစ်တာ မဲပေးရွေးချယ်မှု အများဆုံးဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်လူ ဘွန်မာတီကတော့ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ရရှိခဲ့ပြီး ရီးယဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်က အကောင်းဆုံး လူငယ်ကစားသမားဆုကို အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

Featured Photo : LatestLY