ဆော်ဒီနာမည်ကြီးကလပ် အယ်နာဆာအသင်းမှာ ဂိုးသွင်းနိုင်ရေး မျှော်မှန်းထားတာထက် အချိန်ပိုကြာနေခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပေါ်တူဂီစူပါစတား ရော်နယ်ဒို ကတော့ သောကြာနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်ဖတတ်အသင်းနဲ့ ပွဲစဉ်မှာ ပထမဆုံး သွင်းဂိုး ကို စတင်သွင်းယူပေးလိုက်ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒို

Photo : Complete Sports Nigeria

ဒီပွဲဟာ အယ်နာဆာအသင်းအတွက် ရော်နယ်ဒိုရဲ့ တတိယမြောက်ပွဲစဉ် ဖြစ်ပြီး ပွဲချိန်နောက်ဆုံး လက်ကျန်မိနစ်မှာ ပင်နယ်တီကနေတဆင့် အသင်းအတွက် နောက်ကျချေပဂိုးသွင်းပေးခဲ့ကာ အဖိုးတန် သရေရမှတ် ၁ မှတ်ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီစတားဟာ ပွဲစဉ်ပထမပိုင်းမှာကတည်းက အခွင့်အရေးတချို့ရခဲ့သလို တိကျသေချာတဲ့ အပိုင်ကန်ချက်နဲ့ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဂိုးရရှိခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမိနစ် ၉၀ အထိ အိမ်ရှင်အယ်ဖတတ်အသင်းကပဲ ၂-၁ ဂိုးနဲ့ ပွဲကိုဆက်လက် ဦးဆောင်နေခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာရခဲ့တဲ့ ပင်နယ်တီကနေ ဘော်လွန်းဒီအော် ၅ ဆုရှင်ဟာ အမှားအယွင်းမရှိ ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် အယ်နာဆာအသင်းအတွက် ရှုံးပွဲနဲ့ကြုံတွေ့ရမယ့် အခြေအနေကနေ ကယ်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒို

Photo : CNN

ရော်နယ်ဒို ဟာ အယ်နာဆာအသင်းအတွက် ပထမဦး သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့နောက် ” ဆော်ဒီလိဂ်မှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ခက်ခဲတဲ့ပွဲမှာ အရေးကြီးတဲ့ သရေ ၁ မှတ်ရရှိဖို့ အသင်းသားအားလုံး ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ရပါတယ်။” လို့ သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အယ်နာဆာအသင်းကတော့ ဆော်ဒီပရိုလိဂ်မှာ ၁၅ ပွဲကစားအပြီး ရမှတ် ၃၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပါတယ်။
Featured Photo : GiveMeSport