ဒီတစ်ခေါက် ရုပ်ရှင်ချစ်သူတွေအတွက်တော့ ရှယ်မိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားကောင်းတွေ ညွှန်းပေးချင်ပါတယ်။ ကွီးတို့ ဘယ်လောက်ပဲ မကြောက်တက်ပါဘူး ပြောပြ အခုပြောပြမယ့် ဇာတ်ကား တွေကို ညဘက်တစ်ယောက်တည်း ဘယ်တော့မှ မကြည့်မိပါစေနဲ့။

(၁) Ouija: Origin of Evil (2016)

Source : Universal Pictures

အမှန်တကယ် ခြောက်ခြားဖို့ကောင်းတဲ့ Horror ရုပ်ရှင်တွေအကြောင်း ပြောရင် ၂၀၁၆ ခုနှစ်က ဒုတိယမြောက်ကားအဖြစ် ထွက်လာတဲ့ Ouija: Origin of Evil ဇာတ်ကား ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ ဒီဇာတ်ကားက ဒါရိုက်တာ Mike Flanagan ရဲ့ လက်ရာဖြစ်ပြီး သရဲခေါ်တဲ့ ကစားနည်းတွေမှာ သုံးတဲ့ Ouija ဘုတ်ကနေ အစပြုတဲ့ ကျောချမ်းစရာ ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်ရှိန် အတက်အကျအလိုက် တကယ်ကိုပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

(၂) It Follows (2015)

Source : Rotten Tomatoes Trailers

၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ဒါရိုက်တာ David Robert Mitchell ရဲ့ ဖန်တီးမှုလက်ရာ It Follows ဇာတ်ကားကတော့ Horror ရုပ်ရှင်တွေထဲမယ် တော်တော်လေး ထူးခြားပြီး ဇာတ်လမ်းဇာတ်အိမ် ကောင်းတယ်ပြောရမှာပါ။ Jay လို့ခေါ်တဲ့ ကောင်မလေးက သူမရဲ့ချစ်သူနဲ့ ကားထဲမှာ ချစ်တင်းနှောမိရာကနေ ကြိမ်စာလို ထူးဆန်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ နောက်ယောင်လိုက်ခြင်းကို ခံရပါတော့တယ်။ ဒီဇာတ်ကားက ကြည့်တဲ့သူတွေကို မကြောက်ကြောက်အောင် ဖြဲခြောက်နေတဲ့ Horror ပုံစံမျိုးမဟုတ်ပဲ တကယ်ကို စိတ်ခြောက်ခြားပြီး ရင်တမမနဲ့ ကြည့်ရမယ့် ကြောက်စရာအကောင်းဆုံး ဇာတ်ကားဖြစ်ပါတယ်။

(၃) Before I Wake (2016)

Source : Netflix

Before I Wake ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဒါရိုက်တာ Mike Flanagan ရဲ့ ဖန်တီးမှု လက်ရာဖြစ်ပြီး ကလေးသရုပ်ဆောင် Jacob Tremblay ရဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်ချက်တွေကို ခံစားကြည့်ရှု ရမှာ ဖြစ်ပါတယ်။ လင်မယားနှစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားတဲ့ သူတို့ရဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ ကလေးတစ်ဦးကို ခေါ်ယူမွေးစားခဲ့ကြပါတယ်။ ဒီကလေးဟာ မကောင်းဆိုးဝါးတွေကို မြင်နိုင်စွမ်းရှိပြီး မကြာခင်မှာပဲ ထင်မှတ်မထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တွေ သူတို့မိသားစုဆီ ရောက်လာပါတော့တယ်။ ဒီဇာတ်ကားဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို တော်တော်လေးလည်း ခြောက်ခြားစရာကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၄) The Cabin in the Woods (2011)

Source : Lionsgate Movies

ဒါရိုက်တာ Drew Goddard ရိုက်ကူးခဲ့တဲ့ The Cabin in the Woods ဇာတ်ကား ကတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ၊ ထိတ်လန့်ခြောက်ခြားဖွယ်ရာ သည်းထိတ်ရင်ဖို အဖြစ်အပျက်တွေနဲ့ တော်တော်လေး ကြောက်စရာကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အားလပ်ရက်မှာ သူငယ်ချင်းအဖွဲ့တစ်ခု မြို့ပြင်ကအိမ်တစ်အိမ်ဆီ သွားရောက်အပန်းဖြေရင်း အဲ့ဒီအိမ်မှာ ဘယ်လို ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တွေနဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို ကြုံတွေ့ရမလဲဆိုတာ ရုပ်ရှင်ချစ်သူ ကွီးတို့ကပဲ The Cabin in the Woods ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ။

Featured Photo : Hungama