သီတင်းကျွတ် အားလပ်ရက်ကို အိမ်မှာပဲ ဖြတ်သန်းမယ့် ကွီးတို့အတွက် ပိတ်ရက်မှာ အမှန်အကန် Chill နိုင်ဖို့ ရုပ်ရှင်ဇာတ်ကား ကောင်းလေးတွေ ညွှန်းပေးချင်ပါတယ်။ ဒီနှစ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှ ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ ရှယ်မိုက်မယ့် ဇာတ်ကားအချို့ကို ရွေးချယ်တင်ဆက်ပေးသွားမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတွေအားလုံး အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။

(၁) The Creator

Source : 20th Century Studios

The Creator ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ် / ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ Godzilla (2014) ၊ Rogue One: A Star Wars Story (2016) တို့လို ရင်သပ်ရှုမောဖွယ် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကောင်းတွေ ဖန်တီးခဲ့တဲ့ အင်္ဂလိပ် ဒါရိုက်တာ Gareth Edwards ရဲ့ ဖန်တီးမှု လက်ရာသစ် ဖြစ်ပါတယ်။ Tenet (2020) ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသား John David Washington ကို အဓိကဇာတ်ကောင်နေရာကနေ မြင်တွေ့ရမှာ ဖြစ်ပြီး မင်းသမီးချော Gemma Chan တို့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေ ကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် ဒီနှစ်ထဲမှာ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။

(၂) The Wonderful Story of Henry Sugar

Source : Netflix

လက်တလော Netflix မှာ နာမည်ကြီးနေတဲ့ ထူးခြားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ The Wonderful Story of Henry Sugar လို့ခေါ်ပြီး ၁ နာရီမပြည့်တဲ့ ဟာသ / ဒရမ်မာ ဇာတ်လမ်းတိုလေးတစ်ပုဒ် ဖြစ်ပါတယ်။ Doctor Strange ၊ Sherlock ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Benedict Cumberbatch က အဓိက ဇာတ်ကောင်နေရာကနေ ပါဝင်ထားပြီး Dev Patel ၊ Ben Kingsley ၊ Richard Ayoade နဲ့ Ralph Fiennes တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က တော်တော်လေး ထူးခြားပြီး ရယ်မောရမယ့် စိတ်ဝင်စားစရာ ဇာတ်ကားလေး ဖြစ်ပတယ်။

(၃) Saw X

Source : Lionsgate Movies

သည်းထိတ်ရင်ဖို ရုပ်ရှင်ချစ်သူတွေအတွက် ဒီနှစ်ထဲမှာ သေချာပေါက် ကြည့်ရမယ့် ဇာတ်ကားကတော့ Saw X ပါ။ ရှေ့မှာထွက်ခဲ့တဲ့ Saw ရုပ်ရှင်တိုင်းဟာ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး အခုနောက်ဆုံး ထွက်လာခဲ့တဲ့ Saw X ဇာတ်ကားဟာလည်း ပရိသတ်တွေ အားပေးကျိုးနပ်မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဒါရိုက်တာ Kevin Greutert ရဲ့ အကောင်းဆုံး ဖန်တီးမှု လက်ရာတွေနဲ့အတူ နာမည်ကျော် လူသတ်သမားကြီး Jigsaw ကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပြီး ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်ဝင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှု့ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၄) Asteroid City

Source : Focus Features

ဒီဇာတ်ကားဟာ Moonrise Kingdom ၊ The Grand Budapest Hotel ၊ Isle of Dogs ၊ The French Dispatch တို့လို ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာပါ။ ဟောလိဝုဒ် ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားကြီး Tom Hanks ၊ Adrien Brody ၊ Jason Schwartzman ၊ Scarlett Johansson နဲ့ Margot Robbie တို့အပြင် အခြားဒိတ်ဒိတ်ကြဲ စတားတွေ အများကြီး ပါဝင်ထားပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေကို ရုပ်ရှင်တစ်ကားတည်းမှာ စုံစုံလင်လင်မြင်တွေ့ရမှာဖြစ်တဲ့အပြင် ဇာတ်လမ်းပုံစံတော်တော်လေးထူးခြားပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Featured Photo : TV Insider