အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်ချက်စတာ စီးတီးရဲ့ ထိပ်ဆုံးနေရာမှာ အချိန်တစ်ခုအထိ ရှိနေခဲ့ရပေမယ့် ကျော်တတ်ခြင်း ခံလိုက်ရပြီး ဆုဖလားကြီးနဲ့ လက်တစ်ကမ်း အကွာမှာပဲ လက်လျှော့လိုက်ရပါတယ်။ ဒါပေမဲ့ လက်ရှိ ဘောလုံးလောကရဲ့ တန်ဖိုး အမြင့်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်း (၁၀)သင်းစာရင်းမှာတော့ အာဆင်နယ်က မန်စီးတီးကို ကျော်တတ်ပြီး အဆင့် (၁)နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Photo Credit : Twitter
အခု နွေဈေးကွက် စတင် မဖွင့်လှစ်ခင်မှာ မန်စီးတီးအသင်းရဲ့ ကစားသမားစာရင်းက ကမ္ဘာပေါ်မှာ တန်ဖိုး အမြင့်မားဆုံး ဖြစ်နေရပြီး နွေဈေးကွက် စတင်ချိန်မှာတော့ အာဆင်နယ် က ဒက်ကလန် ရိုက်စ် ၊ ကိုင် ဟာဗက်ဇ် နဲ့ ဂျူလီယန် တင်းဘားတို့ (၃)ဦးအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၂၃၀)ကျော် သုံးစွဲခဲ့ရာ အာဆင်နယ်ရဲ့ လူစာရင်း တန်ဖိုးက တဟုန်ထိုး မြင့်တက်လာခဲ့ပြီး မန်စီးတီးရဲ့ နံပါတ်တစ် နေရာကိုပါ ရယူလာနိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိ ကစားသမား (၃၃)ယောက်ရဲ့ စုစုပေါင်း ယူရို (၁.၂၁) ဘီလီယံအထိ ရှိလာခဲ့ပြီး တောင်ပံ ကစားသမားလေး ဆာခါက ယူရို သန်း (၁၂၀)နဲ့ အာဆင်နယ်ရဲ့ တန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
Photo Credit : UEFA
ဝက်စ်ဟမ်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၁၁၆)သန်းနဲ့ ခေါ်ယူထားတဲ့ ဒက်ကလန် ရိုက်စ်က လက်ရှိ တန်ကြေး ယူရို သန်း (၉၀)သာ ရှိနေပြီး သူရဲ့အသင်းဖော်သစ် အိုဒီဂတ်နဲ့အတူ အာဆင်နယ်ရဲ့ ဒုတိယမြောက် တန်ကြေး အမြင့်ဆုံး ကစားသမားတွေအဖြစ် ပူးတွဲ ရပ်တည်နေကြပါတယ်။ အာဆင်နယ် ကို အဆင့်တစ်နေရာ ဖယ်ပေးလိုက်ရတဲ့ မန်စီးတီးအသင်းကတော့ တစ်သင်းလုံး လူစာရင်းရဲ့ တန်ဖိုးက ယူရို (၁.၁၉) ဘီလီယံ ရှိနေပြီး မနှစ်က ဘောလုံးရာသီထဲ ဂိုးတွေ ရှယ် သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းက ယူရို သန်း (၁၈၀) နဲ့ မန်စီးတီးရဲ့ တန်ကြေး အမြင့်ဆုံးအဖြစ် ရှိနေပါတယ်။
Photo Credit : Transfermarket
အာဆင်နယ် မန်စီးတီးတို့ရဲ့ နောက်မှာတော့ ပီအက်စ်ဂျီ (ယူရို ၁.၀၃ဘီလီယံ) ၊ ရီးယဲလ် မက်ဒရစ် (ယူရို ၉၉၁သန်း) ၊ ဘိုင်ယန်မြူးနစ် (ယူရို ၈၉၅သန်း) ၊ ချယ်လ်ဆီး (ယူရို ၈၆၇သန်း) ၊ ဘာစီလိုနာ (ယူရို ၈၆၅သန်း) ၊ လီဗာပူးလ် (ယူရို ၈၄၇သန်း) ၊ မန်ချက်စတာ ယူနိုက်တက် (ယူရို ၈၃၄သန်း) နဲ့ တော့တင်ဟမ်ဟော့ စပါး (ယူရို ၇၇၃သန်း) တို့နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။
Featured Photo : Goal