မန်ယူနည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ အနာဂတ် အခြေအနေတွေကတော့ လုံးဝကို မတည်ငြိမ်တော့ပါဘူး။ သူရဲ့ မန်ယူနည်းပြဘဝ တတိယမြောက် ဘောလုံးရာသီ ရာသီအစပိုင်းလေးမှာပဲ အသင်းက ဆိုးရွှားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေတာဖြစ်လို့ မန်ယူပရိသတ်တွေက တန်ဟက်ဂ်ကို အသင်းကနေ ထုတ်ပယ်လိုက်စေချင်နေသလို မန်ယူပိုင်ရှင်တွေဘက်ကလည်း အခြေအနေမကောင်းတော့တဲ့ တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီး တခြားနည်းပြတစ်ဦးနဲ့ အစားထိုးသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

erik ten hag

Photo Credit: The Independent

အေဂျက်စ်ကနေ မန်ချက်ကို ပြောင်းလဲကိုင်တွယ်ခဲ့တဲ့ တန်ဟက်ဂ်ဟာ သူရဲ့ ပထမဦးဆုံး ရာသီမှာပဲ အသင်းကို လိဂ်ဖလား ရယူပေးပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ မန်ယူအနေနဲ့ ဆုဖလားတွေနဲ့ အလှမ်းဝေးနေခဲ့တာကလည်း နှစ်အနည်းငယ်လောက် ကြာမြင့်နေပြီ ဖြစ်တာကြောင့် ဒီလိုအချိန်မှာ မန်ယူအတွက် ဆုဖလား ရယူပေးလိုက်တဲ့ တန်ဟက်ဂ် ကို မန်ယူ ပရိသတ်တွေ so high ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီရာသီထဲမှာပဲ လီဗာပူးလ်ကို (၇)ဂိုးပြတ် 7up နဲ့ တကယ်ကို သမိုင်းဝင် ရှုံးပွဲကြီးနဲ့ ကြုံခဲ့ရတာက အခုထိကို ပြောစမှတ် ဖြစ်နေဆဲပါပဲ။

man utd erik ten hag

Photo Credit: Goal

ဒုတိယရာသီမှာလည်း တန်ဟက်ဂ်က မန်စီးတီးကို အလဲထိုးပြီး အက်ဖ်အေဖလားကို ရယူပြန်ပါတယ်။ ဒါပေမယ့် တစ်ရာသီလုံး အတိုင်းအတာအရ အသင်းရလဒ်တွေ စုတ်ပြဲခဲ့ရပြီး ချန်ပီယံလိဂ်မှာ ဇယားအောက်ဆုံးနဲ့ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၈)သာ ရခဲ့ပါတယ်။ အက်ဖ်အေဖလား ရလိုက်လို့သာ ယူရိုပါလိဂ်ဝင်ခွင့် ရသွားခဲ့တာလို့ ပြောရပါမယ်။ အခုရာသီမှာလည်း ရာသီအစ ပရီးမီးယားလိဂ် (၇)ပွဲမှာ နိုင်ပွဲ(၂)ပွဲ သရေပွဲ (၂)ပွဲ ရှုံးပွဲ (၃)နဲ့ ရမှတ်က (၈)မှတ်လေးနဲ့ အဆင့်(၁၄)နေရာအထိတောင် ရောက်နေရပါတယ်။

eth & tt

Photo Credit: Sky Sports

ဒီလို အခြေအနေတွေကြောင့် တန်ဟက်ဂ် အနာဂတ်က လှုပ်ခတ်နေတာဖြစ်ပြီး အသင်းကလည်း ရာသီမစခင်ကတည်းက နည်းပြအပြောင်းအလဲလုပ်ဖို့ စီစဉ်ထားရင်းကနေ အဆင်မပြေခဲ့လို့ တန်ဟက်ဂ်ကိုသာ အသင်းမှာ ဆက်ထားခဲ့ရတာ ဖြစ်ပါတယ်။ ပိုဆိုးတာက သက်တမ်းပါ တိုးမိလိုက်တာဖြစ်ပြီး အခုဆို တန်ဟက်ဂ် ကို ထုတ်မယ်ဆိုရင် လျော်ကြေးလည်း ပေးရပါတော့မယ်။ ဒါပေမယ့် အသင်းအတွက် လိုအပ်ရင်တော့ တန်ဟက်ဂ်ကို သေချာပေါက် ထုတ်ပယ်နိုင်ပြီး သူ့နေရာအတွက် နွေကတည်းက ခန့်အပ်ချင်နေခဲ့တဲ့ ချယ်လ်ဆီး ဘိုင်ယန်နည်းပြဟောင်း သောမတ်စ် တူဟယ်လ်နဲ့ အစားထိုးသွားဖို့က အလားအလာ အလွန်များနေရပါတယ်။

Featured Photo: TEAMtalk