မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း နဲ့ နာမည်ကြီး ဗြိတိန် အားကစားရုပ်သံ Sky Sports ရဲ့ Pundit တစ်ဦးလည်းဖြစ်တဲ့ ဂယ်ရီ နဗီးလ်က ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် အနေနဲ့ မကြာခင်မှာပဲ ယူနိုက်တက် နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

ten hag carabao cup

Photo Credit : Sky Sports

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့နှစ်ကပဲ အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာ ယူနိုက်တက်ကို လိဂ်ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့် (၃)နေရာ ရပ်တည်ရင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင်ပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုနဲ့ အဆင်မပြေဖြစ်လို့ ရော်နယ်လ်ဒိုကို ချောင်ထိုးခဲ့ပြီး အသင်းကပါ လက်လွတ်ခဲ့ပေမယ့်လည်း ယူနိုက်တက် ပရိသတ် အများစုကတော့ တန်ဟက်ဂ်ကို အကောင်းမြင်ပေးခဲ့ကြပါတယ်။

ten hag rashford

Photo Credit : Goal

ဒါပေမယ့် ဒီနှစ်ရာသီမှာတော့ တန်ဟက်ဂ်လက်ထက် ယူနိုက်တက်ရဲ့ ရလဒ်ပိုင်းတွေရော ခြေစွမ်းပိုင်းတွေပါ အတော်လေးကို စုတ်ပြတ်နေရသလို နယူးကာဆယ်ကို ဂိုးပြတ် အရေးနိမ့်ရင်း လိဂ်ဖလားပြိုင်ပွဲကနေပါ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒီရာသီထဲ (၁၅)ပွဲ ကစားထားပြီးချိန် စုစုပေါင်း ရှုံးပွဲအရေအတွက်က (၈)ပွဲအထိ ရှိနေတာက အသင်းပရိသတ်တွေအတွက် လုံးဝ လက်မခံချင်စရာ အနေအထားမျိုး ဖြစ်နေရပါတယ်။

ten hag neville

Photo Credit : Sky Sports

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နဗီးလ်က “မနေ့ညကဆိုရင် ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်က “Theatre of Dreams ကနေ Theatre of Nothing အဖြစ် ပြောင်းလဲသွားသလိုပါပဲ။ ယူနိုက်တက် ပရိသတ်တိုင်းကလည်း အသင်းရဲ့ ကစားပုံအပေါ် ငြီးငွေ့နေပြီး လှောင်ပြောင်မှုတွေပါ ပြုလုပ်နေကြတယ် ကွင်းထဲက ကစားသမားတွေရဲ့ စွမ်းဆောင်မှုတွေဟာလည်း တုန်လှုပ် ခြောက်ခြားစရာကောင်းလောက်အောင် ဆိုးရွှားနေပါတယ်။ နည်းပြဖြစ်သူကလည်း တည်ငြိမ်အောင် လုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေတာကိုလည်း မြင်တွေ့ခဲ့ရသေးတယ်။ ဒီလို ဖြစ်ရပ်တွေကို ကျွန်တော်တို့ အရင်ကလည်း မြင်ခဲ့ဖူးပါတယ်။ နောက်ပြီး ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားမလဲ ဆိုတာကိုပါ ကျွန်တော်တို့ သိနေပါပြီ။ လုံလောက်နေပါပြီ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Featured Photo : Ikeja Bird