အဲရစ် တန်ဟက်ဂ် ဟာ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို နေ့စဉ် ဖုန်းခေါ်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့လာဖို့အတွက် နားချနေတယ်လို့ သိရပါတယ်။

Frenkie De Jong

Photo: AS

တန်ဟက်ဂ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို တာဝန်ယူ မကိုင်တွယ်မီကတည်းက ဒီဂျောင်ကို နွေရာသီအဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဖရန်ကီ ဒီဂျောင်ဟာ အိုင်းယက်စ်အသင်းမှာတုန်းက အဲရစ် တန်ဟက်ဂ်နဲ့ အတူတူ အလုပ်လုပ်ခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြက တပည့်ဟောင်းဖြစ်သူနဲ့ အိုးထရက်ဖို့ဒ် မှာ ပြန်လည်ဆုံစည်းချင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဂျောင် ဟာ စပိန်ကို စွန့်ခွာချင်စိတ်မရှိဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပုံမှန်ပါဝင်ကစားချင်နေတာဖြစ်ပေမယ့်လည်း တန်ဟက်ဂ်က အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား စိတ်ပြောင်းလာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အိုင်းယက်စ် နည်းပြဟောင်းဟာ ဘာစီလိုနာကွင်းလယ်ကစားသမားဆီကို နေ့တိုင်း ဖုန်းဆက်ပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့အတွက် စည်းရုံးနေတာဖြစ်တယ်လို့ ဂျရတ် ရိုမဲရိုးနဲ့ ဖက်ဘရီဇီယို ရိုမာနိုတို့က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Frenkie De Jong during his times at Ajax

Photo: Sportbible

ဖရန်ကီ ဒီဂျောင် ဟာ ၂၀၁၉ ခုနှစ်ကတည်းက နူးကမ့်မှာ ရှိနေခဲ့တာဖြစ်ပြီး နည်းပြ ဇာဗီရဲ့အသင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လာခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းဒါရိုက်တာ အလာမာနီက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် အပြောင်းအရွှေ့ကို ငြင်းပယ်သွားမှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ လူစာရင်းနဲ့ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ ဖရန်ကီ ဒီဂျောင်က အရည်အသွေးရှိတဲ့ ကစားသမားပါ။ သူက အရမ်းအရေးပါပြီး ကျွန်တော်တို့ အခြေအနေကို ကြည့်ပြီး လုပ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ မျှတစွာ ယှဉ်ပြိုင်ရေး အခြေအနေ၊ အသင်းရဲ့အမွေဆက်ခံမှု အခြေအနေတွေ ရှိနေပါတယ်။ ကျွန်တော်တို့ စိတ်ရှည်မှ ရပါမယ်”

“ကျွန်တော်တို့ အသင်းကို အင်အားတောင့်တင်းအောင် လုပ်နေတယ်ဆိုတာ ရှင်းပါတယ်။ အဲဒီလို လုပ်ဖို့က မဖြစ်မနေလိုအပ်ပြီး လာမယ့်နှစ် ဆုဖလားတွေအတွက် ကျွန်တော်တို့ ယှဉ်ပြိုင်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible