အဲရစ်တန်ဟက်ကတော့ ခရစ္စတီယာနို ရော်နယ်ဒို ကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

တနင်္ဂနွေနေ့က အေဂျက်စ်အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကိုင်တွယ်ခဲ့ပြီးနောက် လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ယူနိုက်တက်အသင်းရဲ့ တရားဝင်နည်းပြသစ်အဖြစ် အလုပ်စလုပ်ရမှာဖြစ်ပြီး နည်းပြရာထူးလွဲပြောင်းမယူမီ သူ့ရဲ့ ပြင်ဆင်မှုတွေကို စတင်ဖို့ အတွက် ဒီနေ့ တနင်္လာနေ့မှာပဲ မန်ချက်စတာကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo : beIN SPORTS

တန်ဟက်ဟာ De Telegraaf နဲ့ အင်တာဗျူးတစ်ခုမှာ သူအထင်ကြီးကြောင်း ချီးကျုးစကားပြောခဲ့တဲ့ ရော်နယ်ဒို နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

” ရော်နယ်ဒိုကတော့ တကယ့်ကို ဘီလူးကြီးပါပဲ ၊ ဘာလို့ဆို သူပြသနိုင်ဖူးတဲ့ အရာတွေကြောင့်အပြင် သူက တကယ့်ကို ရည်မှန်းချက်ကြီးကြီးရှိ နေသေးလို့ပါပဲ ၊ သေချာတာပေါ့ ကျွန်တော် သူ့ကို ဆက်ထိန်းထားချင်ပါတယ် ၊ သူက ဒီနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အတွက် အရမ်းအရေးပါခဲ့ပြီး အကောင်းမွန်ဆုံး ပုံစံတွေကို ထုတ်ပြနိုင်ခဲ့ပါတယ် ” လို့ တန်ဟက်က ပြောခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ယခုနှစ်ဘောလုံးရာသီ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာချိန်မှာ သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် အသင်းရဲ့ဆိုးရွားတဲ့ အခြေအနေကြောင့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အနိမ့်ဆုံးနေရာကို ရောက်ရှိနေတာဖြစ်ပြီး ရာသီကုန်အထိ အဆင့် ၆ နေရာကို ဆက်ထိန်းထားဖို့ သေချာသလောက်ရှိနေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ယူနိုက်တက်အသင်း အနေနဲ့ကတော့ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။

Photo : G3 Football

ရော်နယ်ဒိုဟာ တန်ဟက်ရဲ့လက်အောက်မှာ ကစားဖို့ မျှော်လင့်ထားကြောင်း ပြီးခဲ့တဲ့ အပတ်က ယူနိုက်တက်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တာကြောင့် အနည်းဆုံး နောက်ထပ် တစ်ရာသီအထိ အသင်းမှာ ဆက်ရှိနေဖို့ အလားအလာ ပိုများနေတာ ဖြစ်ပါတယ်။

” သူက အေဂျက်စ်အသင်းအတွက် အကောင်းဆုံးလုပ်ပေးခဲ့တဲ့ အတွေ့အကြုံရှိတဲ့ နည်းပြတစ်ယောက်ဆိုတာ ကျွန်တော်သိတယ် ၊ ဒါပေ‌မဲ့ ကျွန်တော်တို့ သူ့ကို အချိန်တော့ပေးရမယ် ၊ သူဖြစ်ချင်တဲ့ပုံစံအတိုင်း ပြောင်းလဲဖို့ လိုပါတယ် ၊ ကျွန်တော်တို့ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ၊ ဘာလို့လဲဆိုရင် ကျွန်တော်တို့ အောင်မြင်ရင် မန်ချက်စတာမှာလည်း အောင်မြင်မှာ ဖြစ်လို့ပါပဲ ၊ ကျွန်တော် သူ့အတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ် ၊ ကစားသမားတွေတင်မကပဲ ယူနိုက်တက် ပရိသတ်တွေပါ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ် ၊ ကျွန်တော်တို့အကောင်းဆုံး ဆုတောင်းပြီး လာမယ့်နှစ်တွေမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြရအောင်ပါ” လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

Featured Photo :  Daily Mail