စိတ်ညစ်နေတဲ့အချိန်မှာ တဝါးဝါး တဟားဟားနဲ့ ဝါးလုံးကွဲအောင် ရယ်ရတဲ့ ဇာတ်ကား တွေကို ကြည့်ရှုမယ်ဆိုရင် စိတ်အပြောင်းအလဲ​ ဖြစ်သွားပြီး စိတ်ညစ်စရာများကို မေ့ပျောက်သွားမှာပဲ ဖြစ်ပါတယ်။ စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများကို မေ့ပျောက်ဖို့ ကူညီပေးမှာကတော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများပဲ ဖြစ်ပါတယ်။

Puss in Boots: The Last Wish

အက်ရှင်ကားမဟုတ်ပေမယ့် အက်ရှင်ကားထက်ပိုမိုက်တဲ့ ဇာတ်ကားကောင်းတစ်ကား ကြည့်ချင်ပါသလား။ ဒါဆိုရင်တော့ Puss in Boots: The Last Wish လေးကို ရွေးချယ်လိုက်ပါ။ အထာကျကျနဲ့ ဆရာကြီး အမြဲလုပ်တတ်တဲ့ Puss တစ်ယောက် ဘဝတစ်ဆစ်ချိုး ပြောင်းသွားပြီး သာမန် ကြောင်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့နောက်မှာ ဘာတွေ ကြုံတွေ့ရမလဲ။ အရင်လိုမျိုး အထာကျကျနဲ့ ဟီးရိုးလုပ်တတ်တဲ့ Puss အဖြစ် ပြောင်းလဲသွားပါ့မလား။ Shrek ကားကို ရိုက်ကူးထားတဲ့ စတူဒီယိုကနေ ရိုက်ကူးထုတ်လုပ်ထားတာဆိုတော့ ကွီးတို့လည်း လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်။​

House Party

၁၉၉၀ ခုနှစ်တုန်းက Classic ဟာသဇာတ်ကားကို ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်သည် အိမ်အကြီးကြီးတစ်လုံးမှာ သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်ဖို့ တာဝန်ကျတာ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်က နာမည်ကြီးစတားတစ်ယောက်ဖြစ်တဲ့ LeBron James ဆိုသူရဲ့ အိမ်အကြီးကြီးတစ်လုံးမှာ သန့်ရှင်းရေး လုပ်ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့က အကြောင်းအမျိုးမျိုးကြောင့် ပိုက်ဆံလိုအပ်တဲ့အတွက်ကြောင့် LeBron James ရဲ့ အိမ်မှာ ပါတီပွဲပေးမယ်ဆိုပြီး ကြံဖန်ကြပါတော့တယ်။ တဝါးဝါး တဟားဟားနဲ့ ဝါးလုံးကွဲအောင် ရယ်ချင်သူများအတွက် ကြည့်သင့်တဲ့ ဇာတ်ကား ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

You People

ဒီဇာတ်ကားကတော့ ဇန်နဝါရီလကပဲ ထွက်ရှိထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဘာသာမတူ၊ လူမျိုးမတူတဲ့ စုံတွဲတစ်တွဲသည် သူတို့မင်္ဂလာ မဆောင်ခင်မှာ တစ်ယောက်အကြောင်းကို တစ်ယောက် သိနားလည်ဖို့ ကြိုးစားပါတော့တယ်။ ကြိုးစားနေချိန်မှာပဲ မတူညီတဲ့ နောက်ခံ၊ ဘာာသာရေး အယူအဆ၊ ယဥ်ကျေးမှုများကြောင့် အခက်အခဲတချို့ ကြုံတွေ့ရတာကို ဟာသဆန်ဆန် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Your Place or Mine

ဒီဇာတ်ကားကတော့ ဖေဖော်ဝါရီလက ထွက်ရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ Debbie နဲ့ Peter တို့သည် နှစ် ၂၀ ကျော်ကြာ ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ Debbie သည် သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ သူတစ်ယောက်ဖြစ်ပြီး ထို့အတွက်ကြောင့် ခရီးထွက်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ပဲ Peter က Debbie ရဲ့ သားကို ထိန်းပေးမယ်ဆိုပြီး စကားကမ်းလှမ်းရာကနေ သူတို့နှစ်ဦးကြား ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားမလဲဆိုတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

We Have A Ghost

တကယ်လို့ ကွီးတို့ရဲ့ အိမ်မှာ သရဲတစ်ကောင် ရှိနေမယ်ဆိုရင် ကွီးတို့ ထိုအိမ်မှာ ဆက်နေမှာလား။ အဲ့ဒီ့သရဲနဲ့ ခင်မင်ရင်းနှီးအောင် မိတ်ဖွဲ့မှာလား။ ဒီမိသားစုကတော့ ရယ်ရပါတယ်။ သူတို့အိမ်က သရဲကို ပွဲထုတ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်ကာ ပိုက်ဆံရအောင် ကြံဖန်ကြတဲ့ မိသားစုပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ သူတို့တွေက တကယ်ပဲ ပိုက်ဆံရကာ ချမ်းသာသွားမှာလား၊​ ဒါမှမဟုတ် သရဲကို အသုံးချတဲ့အတွက်ကြောင့် သရဲက သူတို့က ဒုက္ခပြန်ပေးမှာလား ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုကာ အဖြေရှာကြည့်လိုက်ပါ။

အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကွီးတို့ ကြည့်ပြီးပါပြီလဲ။

Source: Marieclaire

Featured Image: Freepik