ကွီးတို့ ပစ္စည်းဟောင်းတွေ၊ အသုံးမပြုတော့တဲ့ ပစ္စည်းတွေနဲ့ အမိုက်စားတွေ ဖန်တီးရတာ ဝါသနာပါ ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ ဒီနေ့မှာတော့ ကွီးတို့ကို မသုံးတော့တဲ့ တာယာဟောင်းတွေနဲ့ ဘယ်လိုမျိုး အသုံးဝင်တဲ့ ပစ္စည်းတွေ ဖန်တီးနိုင်ဖို့ အိုင်ဒီယာကောင်းတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အိမ်မှာ မသုံးတော့တဲ့ ကားတာယာတွေ၊ ဆိုင်ကယ်တာယာတွေ ရှိရင် လွှင့်ပစ်ထားတာမျိုး၊ ချောင်ထိုးထားတာမျိုး မလုပ်ဘဲ အောက်မှာ ဖော်ပြပေးထားတဲ့ အိုင်ဒီယာလေး တွေကို အသုံးချကြည့်ပါ။
တာယာဟောင်းများကို စားပွဲအဖြစ် ပြောင်းလဲခြင်း
Photo : Lush Home
Photo : Home Bnc
တာယာဟောင်းတွေက ပြန်လည်မွမ်းမံဖို့ လွယ်ကူပြီး အသုံးဝင်တာ တစ်ခုခုဖန်တီးဖို့ အကောင်းဆုံး ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တာယာတွေကို သေချာစွာ သန့်ရှင်းပေးပြီး အလှဆင်ရန် အတွက် ကွီးတို့ထားမယ့်နေရာနဲ့ လိုက်ဖက်တဲ့ အရောင်ကို ဆေးသုတ်ပါ။ ပြီးလျှင် ပုံမှန်ပြထားတဲ့ အတိုင်း မှန်ဝိုင်းတစ်ချက်တင်လိုက်ပါ။ ဒါဆိုရင်တော့ လွယ်ကူပြီး အသုံးဝင်တဲ့ ပြီးပြည့်စုံတဲ့ စားပွဲတစ်လုံး ရရှိပါပြီ။ ဧည့်ခန်းမှာ အလှဆင်ဖို့ပဲ ထားမလား၊ အပြင်မှာပဲ ထားမလား၊ ကွီးတို့စိတ်ကြိုက် အလှဆင်နိုင်ပါတယ်။
နံရံပေါ်မှာ ချိတ်ဆွဲနိုင်တဲ့ အလှဆင်ပန်းအိုး ပြုလုပ်ခြင်း
Photo : Blcony Garden Web
အမှန်တကယ်တော့ တာယာဟောင်းတွေက တကယ်ကို အသုံးဝင်တဲ့ အရာတွေ အများကြီး ဖန်တီးနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ နောက်ထပ် တာယာနဲ့ ပြုလုပ်နိုင်တဲ့ အလှဆင် အိုင်ဒီယာကောင်းလေးတစ်ခုကတော့ နံရံပေါ်မှာ တာယာတွေကို ချိတ်ဆွဲပြီး အပင်လေးတွေ စိုက်ပျိုးခြင်းပါပဲ။ ဒီအိုင်ဒီယာလေးက အရိုးရှင်းဆုံး ဖြစ်ပြီး မယုံနိုင်လောက်အောင် ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ကွန့်မြူးနိုင်တဲ့ DIY တာယာဟောင်း အိုင်ဒီယာလေးဆိုလည်း မမှားပါဘူး။ ဒီပရောဂျက်လေးကို လုပ်မယ်ဆိုရင် နံရံပေါ်မှာ ခိုင်ခံ့အောင်ချိတ်ဆွဲပြီး အပင်လေးများစိုက်ပျိုးပါ။ ပြီးနောက် ရေလောင်းရမှာ အဆင်ပြေဖို့အတွက်လည်း အောက်ခြေမှာ အပေါက်လေးတွေ ဖောက်ထားနိုင်ပြီး တကယ့်ပန်းအိုးကဲ့သို့ အသုံးပြုနိုင်ပါတယ်။ တာယာအရွယ်အစားပေါ် မူတည်ပြီးတော့ ပိုမိုဆွဲဆောင်မှုရှိသော အသွင်အပြင်အတွက် ပန်းအမျိုးအစားအမျိုးမျိုးကို စိုက်ပျိုးနိုင်ပါတယ်။
ဒန်းပြုလုပ်ခြင်း
Photo : Pinterest
Photo : Pinterest
ကျွန်တော်တို့ ငယ်ငယ်တုန်းက တာယာအဟောင်းတွေနဲ့ လုပ်ထားတဲ့ ဒန်းလေးတွေ စီးဖူးမှာပါ။ အခုလည်း ဒီလို တာယာအဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့ ဒန်းလေးတွေကို ကလေးများအတွက်လည်း ကစားဖို့ရာ ပြလုပ်ပေးနိုင်သလို၊ အိမ်မှာ အလှဆင်ဖို့လည်း ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ ခိုင်ခံ့မှု ရှိဖို့ပါပဲ။ ဒီလို ဒန်းလေးတွေကို ပြုလုပ်ရာမှာ ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်အတွက် စိတ်ကြိုက်ဆေးအရောင်ကို သုတ်ပြီး ပြုလုပ်နိုင်ပါတယ်။ သေချာခိုင်ခံမှုရှိအောင် စီမံပြီး အိမ်ထဲမှာ ချိတ်ဆွဲထားလို့ရသလို၊ သစ်ပင်တွေနဲ့ ခြံဝန်းရှိတဲ့ အိမ်ဆိုရင်လည်း သစ်ပင်ကြီးကြီးမှာ ချိတ်ဆွဲထားနိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ တာယာဟောင်းတွေနဲ့ အသုံးဝင်တဲ့ အရာတွေကို ဖန်တီးနိုင်စေမယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့အိမ်မှာ တာယာအဟောင်းတွေရှိရင် ချောင်ထိုးထားတာမျိုး၊ ပစ်လိုက်တာမျိုး မလုပ်ပဲနဲ့ ဒီအိုင်ဒီယာကောင်းလေးတွေကို ကွီးတို့ စိတ်ကူးနဲ့ ပေါင်းစပ်ပြီး အမိုက်စားတွေ ဖန်တီးလိုက်ပါ။ ဆက်လက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ DIY အိုင်ဒီယာကောင်းတွေကို ဖော်ပြပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးပါဦးခင်ဗျာ။
Source : Home Bnc
Featured Photo : Pinterest