ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်ခ် ကတော့ လောင်းကစား စည်းမျဉ်းချိုးဖောက်ခဲ့တဲ့အတွက် ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ်ခံနေရတဲ့ အိုင်ဗန် တိုနေး ကို နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားမယ့်ပွဲမှာ အသင်းခေါင်းဆောင်ရာထူးနဲ့ ပြန်လည်ကစားခွင့်ပေးတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

Ivan Toney

Photo : Khel Now

တိုနေး ဟာ အက်ဖ်အေရဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် မေလကစပြီး ၈ လကြာ ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး အခုလက်ရှိမှာ ပွဲပယ်ပြစ်ဒဏ် ပြည့်သွားပြီဖြစ်တာကြောင့် ဘရန်ဖို့ဒ်အသင်းအတွက် ပြန်လည်ကစားခွင့်ရတာ ဖြစ်ပါတယ်။

နည်းပြ သောမက်စ်ဖရန့်ခ် က တိုနေးဟာ ဘရန့်ဖို့ဒ်အသင်းမှာ ဆက်ရှိနေဖို့ ၉၉.၉ ရာခိုင်နှုန်းအလားအလာရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး တစ်ဆက်တည်းမှာပဲ ” တိုနေးတစ်ယောက် လေ့ကျင့်ရေးကွင်းမှာ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှား နေတယ်။ သူကိုကြည့်ရတာ ပထမဆုံးဘောလုံးကစားရလို့ ပျော်နေတဲ့ ၈ နှစ်သားလေးပုံစံမျိုး ဖြစ်နေတယ်။ ကျွန်တော် သူ့ရဲ့မျက်လုံးတွေထဲမှာ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ ဘောလုံးကစားဖို့ မစောင့်နိုင်တော့ဘူးဆိုတဲ့ အရိပ်အယောင်တွေကို မြင်နေရတယ်။ သူမနက်ဖြန်မှာ စတင်ကစားသွားမှာပါ။ အသင်းခေါင်းဆောင်အဖြစ်နဲ့လည်း ဦးဆောင်သွားမှာပါ။ ခရစ္စတီယာန်ရဲ့ ဒဏ်ရာပြဿနာကြောင့် အသင်းခေါင်းဆောင်နေရာကို တာဝန်ယူသွားမှာဖြစ်ပြီး သူအဆင်သင့်ဖြစ်နေပြီဆိုတာ သေချာပါတယ်။ သူ ပွဲချိန်ပြည့် (မိနစ် ၉၀) ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Ivan Toney

Photo : Reuters

တိုနေး ဟာ အခုအပတ်အတွင်း ထိပ်တန်းကလပ်အသင်း တစ်သင်းသင်းမှာ ကစားချင်ပြီး ဆုဖလားတွေကို စိန်ခေါ်ချင်တယ်လို့ ပြောခဲ့ပြီးနောက် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ် ကတော့ ” သူ အသင်းမှာဆက်ရှိနေဖို့ ၉၉.၉ ရာခိုင်နှုန်း သေချာပါတယ်။ ဘောလုံးကရူးသွပ်စရာပါပဲ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။ သူက အသင်းကို ကူညီဖို့ ကတိပြုထားပါတယ်။ မနေ့က သူနဲ့ ကျွန်တော်စကားပြောခဲ့ပါတယ်။ သူက ဒီမှာဆက်ရှိနေချင်တာပါ။ ကျွန်တော်တို့ကလည်း သူ့ကိုဆက်ထိန်းထားချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : Extra.ie