ဒီတစ်ပတ် ပိတ်ရက်ကို အကျိုးရှိရှိ ဖြတ်သန်းချင်တဲ့ ကွီးတို့ရှိပါသလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်မှု ဘယ်လောက်ရှိလဲ စမ်းကြည့်ချင်ပါသလား။ ဒါဆိုရင်တော့ DIY ပရောဂျက်လေးတွေ စမ်းကြည့်တာက စိတ်ကူးကောင်းပါပဲ။ ဒီလိုမျိုး တစ်ခုခုကို အာရုံစူးစိုက်ပြီး ပြုလုပ်ခြင်းက ကွီးတို့ရဲ့ တစ်ပတ်တာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေသည်သာမက အပန်းလည်းပြေစေပါတယ်။ ဒီနေ့မှာတော့ လုပ်ရတာ လွယ်ကူရိုးရှင်းပြီး ကားတာယာအဟောင်းတွေကို အသုံးပြုကာ ပြုလုပ်နိုင်တဲ့ DIY ပရောဂျက်လေးများနဲ့ ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကို ပေါင်းစပ်ကာ အမိုက်စား ဖန်တီးနိုင်စေဖို့ အိုင်ဒီယာကောင်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အိုင်ဒီယာ (၁) တာယာအဟောင်းနဲ့ အလှဆင်မယ်

တီထွင်ဖန်တီးနိုင်စွမ်း

Photo : Family Handyman

ကွီးတို့အိမ်မှာ အသုံးမပြုတော့တဲ့ ကားတာယာ အဟောင်းတွေ ရှိပါသလား။ ဒီလို ကားတာယာအဟောင်းတွေရှိရင် မပစ်လိုက်ပါနဲ့။ ကွီးတို့ဧည့်ခန်းအတွက် အမိုက်စား အလှဆင်လို့ရပါတယ်။ အခုဖော်ပြပေးမယ့် အိုင်ဒီယာလေးကတော့ ကွီးတို့အိမ်ထဲမှာ ချိတ်ဆွဲထားလို့ရတဲ့ အိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။ ကွီးတို့ဧည့်ခန်းအရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကို ကားတာယာအဟောင်းမှာ ဆေးသုတ်လိုက်ပါ။ အဖြူရောင်ကတော့ ဘယ်လိုအရောင်နဲ့ပဲ ဖြစ်ဖြစ် လိုက်ဖက်တဲ့ အရောင်‌လေးပါ။ ပြီးလျှင် ကွီးတို့မျက်နှာကျက်မှ ခိုင်ခံ့အောင် ကြိုးနဲ့ ချိတ်ဆွဲထားလိုက်ပါ။ အလှဆင်ဖို့ သက်သက်ပဲဆိုရင်တောင် ခိုင်ခံ့တာ သေချာပါစေ။ ဒီအိုင်ဒီယာလေးကို ကွီးတို့စိတ်ကူးနဲ့ ပေါင်းစပ်ပြီး အမျိုးမျိုးတီထွင် ဖန်တီးလို့ရပါတယ်။ ကွီးတို့ခြံဝန်းထဲမှာ သစ်ပင်ကြီးကြီးရှိရင်လည်း သေချာခိုင်ခံ့အောင်စီမံကာ ကလေးများအတွက် ဒန်းပြုလုပ်ပေးနိုင်ပါတယ်။

အိုင်ဒီယာ (၂) တာယာအဟောင်းကို အရုပ်တင်တဲ့ စင်အဖြစ်ပြောင်းလဲမယ်

တီထွင်ဖန်တီးနိုင်စွမ်း

Photo : Pinterest

ကွီးတို့အိမ်မှာ ကားတာယာ အဟောင်းနဲ့ သစ်သားပြား အနည်းငယ်ရှိရုံနဲ့တင် ဒီ ပရောဂျက်ကို လုပ်လို့ရပါတယ်။ ဒီပရောဂျက်လေးက ဆန်းသစ်ပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။ ဒီ အရုပ်တင်တဲ့ တာယာစင်လေးကို တာယာအဟောင်းတစ်လုံး၊ သစ်သားပြားအချို့နဲ့ တူ၊ သံ၊ သစ်သားဝက်အူလှည့် စတာလေးတွေ ရှိတာနဲ့ ဒီလက်လုပ်တာယာစင်‌လေးကို ဖန်တီးလို့ရပါတယ်။ တာယာဆေးရောင်ကိုတော့ ကွီးတို့စိတ်ကြိုက်အရောင် အသုံးပြုနိုင်ပါတယ်။ ဒီတာယာစင်လေးကို အရုပ်တင်ဖို့တင်မဟုတ်ဘဲ အလှတင်ဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်း

Photo : Pinterest

ဒါ့အပြင် ဒီပရောဂျက်‌လေးကို အခြားသော ဆိုင်ကယ်တာယာဟောင်းဖြစ်စေ၊ စက်ဘီးတာယာဟောင်းဖြစ်စေ အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး ကွီးတို့စိတ်ကြိုက် ဖန်တီးနိုင်တဲ့ အိုင်ဒီယာလေးဆိုလည်း မမှားပါဘူး။

အိုင်ဒီယာ (၃) ပါပီလေးအတွက် အိပ်ယာဖန်တီးမယ်

Photo : Practically Functional

ဒါလေးကတော့ ကွီးတို့မှာ ပါပီလေးရှိရင် အလွယ်ကူဆုံးနဲ့ အသုံးဝင်ဆုံး ဖြစ်မဲ့ အိုင်ဒီယာလေးလို့ ပြောရမှာပါ။ ဒါကတော့ တာယာအဟောင်းနဲ့ ပါပီလေးအတွက် အမိုက်စားအိပ်ယာလေး ဖန်တီးပေးခြင်းပါပဲ။ ဒီ တာယာနဲ့ ဖန်တီးထားတဲ့ အိပ်ယာလေးက အံ့သြစရာကောင်းလောက်အောင် အကြမ်းခံပြီး အရမ်းဆော့တတ်တဲ့ ပါပီလေးတွေ အတွက်တော့ လုံးဝကို အဆင်ပြေပါတယ်။ ဒီပရောဂျက်ကို ပြုလုပ်ဖို့ ဘာမှမခက်ပါဘူး။ ကွီးတို့စိတ်ကြိုက် ချစ်စရာကောင်းအောင် ဆေးခြယ်ပြီး တာယာကို အလှဆင်ဖန်တီးပေးနိုင်ပါတယ်။ ပြီးရင် သက်တောင့်သက်သာရှိတဲ့ ကူရှင်လေးတစ်ခု ထည့်လိုက်ရုံပါပဲ။

Photo : vtolaviation

ဒါ့အပြင် လိုသလိုဖြတ်တောက်ပြီးလည်း  အမိုက်စားပုံစံတွေ ဖန်တီးနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ တာယာအဟောင်းတွေကို အသုံးပြုပြီး ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း နဲ့ ပေါင်းစပ်ကာ အမိုက်စားဖန်တီးနိုင်တဲ့ DIY အိုင်ဒီယာလေးတွေပဲ ဖြစ်ပါတယ်။ တာယာအဟောင်းတွေကို အသုံးချပြီး ပြုလုပ်နိုင်တဲ့ အရာလေးတွေကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်တာကြောင့် တာယာအဟောင်းတွေကို မလွှင့်ပစ်ပါနဲ့ဦး။

Source : Family Handyman

Featured Photo : Handyman