ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ နည်းပြ အပြောင်းအလဲတစ်ခုကို အလျင်အမြန်ပဲ လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ အသင်းရဲ့ လက်ရှိနည်းပြ ဂျူလီယန် နာဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ချယ်လ်ဆီး နည်းပြဟောင်း သောမတ်စ် တူဟယ်လ် ကို အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပါတယ်။

nagelsmann

Photo Credit : BeSoccer

နာဂယ်စမန်းဟာ အသက်အားဖြင့် (၃၅)နှစ်သာ ရှိသေးတဲ့ သက်လတ်ပိုင်း ဘောလုံးနည်းပြတစ်ဦး ဖြစ်ပေမယ့် မော်ရင်ဟို ပေါက်စလို့ တင်စားခံရတဲ့အထိ သူရဲ့ အရည်အချင်းက မခေလှသူ ဖြစ်တဲ့အပြင် လတ်တလောမှာလည်း အသင်းကို တော်တော် ဆိုးရွှားနေတဲ့ အခြေအနေမျိုးမှာ ရှိမနေအောင် လုပ်ဆောင်ထားနိုင်ပါတယ်။ ဘိုင်ယန်ဘက်က ရှင်းလင်းမှုမှာတော့ ၂၀၂၃ခုနှစ် ဇန်နဝါရီလကနေ မတ်လအတွင်း အသင်းရဲ့ ရလဒ်တွေကြောင့် နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ရတာလို့ ဆိုလိုက်ပါတယ်။

Photo Credit : Bavarian Football Works

ဘိုင်ယန်ဟာ ၂၀၂၃ထဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပီအက်စ်ဂျီကို အကောင်းဆုံး ကျော်ဖြတ်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါမှာတော့ နှစ်အစ (၃)ပွဲဆက် သရေကျခဲ့ပြီး မိုချန် နဲ့ လေဗာကူဆင်တို့ကို ရှုံးနိမ့်ခဲ့ရင်း အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရောက်ရှိနေရပါတယ်။ ဒီလို အခြေအနေတွေကြောင့် နာဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး တချိန်က နာဂယ်စမန်းရဲ့ ဆရာသမား ဖြစ်ခဲ့ဖူးတဲ့ တူဟယ်လ် နဲ့ အစားထိုးသွားခဲ့ပါတယ်။

thomas tuchel

Photo Credit : talkSPORT

နာမည်ကျော် ဂျာမန်သား နည်းပြ တူဟယ်လ် ဟာ မိန့်ဇ် ဒေါ့မွန် ပီအက်စ်ဂျီ ချဲလ်ဆီးတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ချဲလ်ဆီးနဲ့လည်း ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ (၁၀)နှစ်နီးပါးလောက နည်းပြတစ်ဦးအဖြစ် ကျင်လည်ခဲ့ဖူးသူ တူဟယ်လ်ဟာ ဘိုင်ယန်နည်းပြအဖြစ် တစ်ကျော့ပြန် ဘွန်ဒက်စ်လီဂါ ခရီးစဉ် အစမှာပဲ တူဟယ်လ်က သူ့အသင်းဟောင်း ဒေါ့မွန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နေပြီး တာထွက်လှနိုင် မလှနိုင်ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရပါလိမ့်မယ်။