Jeans တွေက ဘယ်တော့မှ ခေတ်နောက်မကျန်ခဲ့တဲ့ Timeless ဖက်ရှင်တစ်မျိုး ဖြစ်ပါတယ်။ နွေ ၊ မိုး ၊ ဆောင်း အချိန်ရာသီမရွေး ဝတ်လို့အဆင်ပြေပြီး သပ်ရပ်စတိုင်ကျတဲ့ အသွင်အပြင်ကို အပြည့်အဝဖော်ဆောင် ပေးပါတယ်။ ၈၀ / ၉၀ ခုနှစ် ကာလတွေမှာတော့ အပေါ်အောက် Jeans ဝမ်းဆက်နဲ့ ရှိုးထုတ်တဲ့ ဖက်ရှင်တစ်ခေတ် ထခဲ့ပါသေးတယ်။ အဲ့ဒီခေတ်အဲ့ဒီကာလမှာ Jeans ဝမ်းဆက်ဖက်ရှင်က တော်တော်လေးလည်း အထာကျတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ဖက်ရှင်ရေစီးကြောင်းဟာ အမြဲပြောင်းလဲနေတာကြောင့် အခုခေတ်အနေအထားနဲ့ Jeans ဝမ်းဆက် ဝတ်မယ်ဆိုရင် ခေတ်ပေါ်ဖက်ရှင်စတိုင်တွေနဲ့လည်း အံဝင်ဂွင်ကျဖြစ်အောင် အနည်းငယ် ပြောင်းလဲဝတ်ဆင်တက်ဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Jeans ဝမ်းဆက်နဲ့ အပြတ်ဂေါ်ချင်တဲ့ ကွီးတို့အတွက် ဖက်ရှင်ကျပြီး တောသားမြို့တက် Jeans ဝမ်းဆက် မဖြစ်အောင် လိုက်နာသင့်တဲ့ ဖက်ရှင်အကြံပြုချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) All-Black ဝတ်ပါ

Double Denim

Photo : Ape To Gentleman

Jeans ဝမ်းဆက်လည်း ဝတ်ချင်တယ် လူငယ်ဆန်ဆန် အထာကျတဲ့ အသွင်အပြင်ကိုလည်း လိုချင်တယ်ဆိုရင် ခေါင်းအစခြေအဆုံး All-Black Jeans ဖက်ရှင်က သေချာပေါက်‌ ရွေးချယ်သင့်တဲ့ ဖက်ရှင်တစ်မျိုးပါပဲ။ Jeans ကို All-Black ဝတ်မယ်ဆိုရင် Fit ဖြစ်တဲ့ Skinny Jeans ကိုမှ အနက်ရောင် Jeans Jacket နဲ့တွဲဖက်ဝတ်ပါ။ ဖိနပ်ကိုတော့ အနက်ရောင် Suede ဒါမှမဟုတ် အနက်ရောင် Sneakers တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်ပြီး ရောခ့်စတားတစ်ယောက်လို ခံစားချက်မျိုး ပေးစွမ်းပါလိမ့်မယ်။

(၂) အရောင်ကွဲဝတ်ပါ

Double Denim

Photo : Ape To Gentleman

Jeans ဝမ်းဆက်ကိုမှ All-Black လောက်လည်း မဝတ်ရဲဘူး ဆိုသူတွေအနေနဲ့တော့ အရောင်ကွဲ Jeans ဝမ်းဆက် ဖက်ရှင်က စဉ်းစားစရာ တစ်ခုပါပဲ။ All-Black Jeans ဖက်ရှင်နဲ့ အားလုံးနီးပါး အတူတူကိုမှ အပေါ်ကို အနက်ရောင် Jeans Jacket နေရာမှာ Dark Blue Jeans Jacket ကို ပြောင်းလဲဝတ်ဆင်ရမှာပါ။ တည်ကြည်ရင့်ကျက်ပြီး ယောကျာ်းဆန်တဲ့ အသွင်အပြင်ကို ပေးစွမ်းပါလိမ့်မယ်။

(၃) အပြာနဲ့အဖြူ တွဲဖက်ဝတ်ပါ

Double Denim

Photo : Ape To Gentleman

Jeans ဖက်ရှင်တွေထဲမှာ သန့်ပြီးခန့်နေစေတာကတော့ အဖြူရောင် Jeans ဘောင်းဘီတွေပါပဲ။ Jeans ဘောင်းဘီအဖြူနဲ့ တွဲဖက်ဝတ်ဆင်ဖို့အတွက် အလိုက်ဖက်ဆုံးက အပြာရောင် Denim Shirts တွေပါ။ သက်တောင့်သက်သာရှိသလို Minimalist ဆန်ဆန်နဲ့ ပေါ့ပါးလွတ်လပ်ပြီး ကျောင်းတက်ရုံးတက် ဝတ်ဆင်လို့ အဆင်ပြေပါတယ်။

(၄) ဆန့်ကျင်ဘက် ကာလာအတွဲအစပ် ဝတ်ပါ

Photo : Ape To Gentleman

Jeans ဝမ်းဆက် ဝတ်တဲ့အခါ အဖြူနဲ့အနက်လို ဆန့်ကျင်ဘက် အရောင်တွဲစပ်မှုကိုလည်း မေ့ထားလို့မရပါဘူး။ ဥပမာအနေနဲ့ အဖြူရောင် Jeans Jacket ကို အနက်ရောင် Jeans ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်တာမျိုးပါ။ အောက်ခံ T-shirt ကိုတော့ မတူညီတဲ့ ကာလာကွဲထဲကဝတ်ဖို့ အကြံပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းသိပ်စားစရာမလိုတဲ့ ဖက်ရှင်တစ်မျိုးလို့ဆိုရမှာဖြစ်ပြီး လူတိုင်းနီးပါးနဲ့ လိုက်ဖက်ပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီတွေ ၊ အေးတဲ့နေရာဒေသတွေမှာဆိုရင် အခုလို Jeans ဝမ်းဆက်ဖက်ရှင်က တော်တော်လေး စတိုင်မိမိုက်ပြီး ဖက်ရှင်ကျနေစေမှာ ဖြစ်ပါတယ်။

Featured Photo : Ape To Gentleman