Chariots Of Fire ၊ Blade Runner ၊ Alexander ၊ The Bounty နဲ့ 1492 စတဲ့ ရုပ်ရှင်ကားတွေရဲ့ သီချင်းတွေ ဖန်တီးခဲ့တဲ့ နာမည်ကျော် တေးရေးဆရာကြီး Vangelis ဟာ အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန် သွားပြီလို့ ဆိုပါတယ်။

Vangelis ကို ၁၉၄၃ ခုနှစ်က ဂရိမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ငယ်ငယ်ကလေးကတည်းက ဂီတတွေ ဖန်တီးလာခဲ့သူ ဖြစ်ပါတယ်။ ကလေးဘဝကတည်းက ကိုယ့်ဘာသာ လေ့လာသင်ယူမှု လုပ်ခဲ့တဲ့ သူဟာ နောက်ပိုင်းမှာ ဥရောပ Pop Scene တွေမှာ တစ်ကိုယ်တော် အယ်လ်ဘမ်တွေနဲ့ ထိုးဖောက်လာခဲ့ရာကနေ ဟောလီဝုဒ်ရဲ့ မျက်စိကျခြင်း ခံလာရသူ ဖြစ်ပါတယ်။

Vangelis Dies At 79

Photo : CNA

၇၀ ပြည့်လွန်နှစ် နောက်ပိုင်းမှာ Carl Sagan ရဲ့ Cosmos ရုပ်ရှင်မှာ သူဖန်တီးထားတဲ့ ဂီတတွေ ပါဝင်လာခဲ့ပြီး ရုပ်ရှင်ကားငယ်လေးတွေမှာလည်း ဂီတဖန်တီးရေးဖွဲ့မှုတွေ လုပ်လာခဲ့ပါတယ်။ Vangelis ရဲ့ အကျော်ကြားဆုံး လက်ရာထဲမှာ Chariots Of Fire ဇာတ်ကားလည်း ပါဝင်ပြီး ဒီရုပ်ရှင်နဲ့ ၁၉၈၂ ခုနှစ်အတွက် အကောင်းဆုံး မူရင်းတေးဂီတ အော်စကာဆု ချီးမြှင့်ခံခဲ့ရပါတယ်။

Chariots Of Fire ဟာ US Billboard Hot 100 မှာ ထိပ်ဆုံး ရောက်ခဲ့ပြီး London 2012 Olympic ရွှေတံဆိပ်ဆုပေးပွဲမှာ နောက်ခံတေးသီချင်းအနေနဲ့ အသုံးပြုခဲ့ပါတယ်။ Vangelis ဟာ ကိုရီးယားနဲ့ ဂျပန်တို့မှာ ကျင်းပတဲ့ 2002 FIFA World Cup ရဲ့ တရားဝင်သီချင်းဖြစ်တဲ့ Anthem ကို ဖွဲ့ဆိုခဲ့ပါတယ်။ နောက်ပိုင်း အနှစ် ၂၀ မှာ Vangelis ဟာ NASA နဲ့ ESA အာကာသအေဂျင်စီ တို့နဲ့ ပေါင်းပြီး Mythodea ၊ Rosetta နဲ့ Juno To Jupiter စတဲ့ Music Projects တွေ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

vangelis-composer-death

Photo : Screen Rant

Chariots Of Fire အပြင် Blade Runner (1982) ၊ Missing (1982) ၊ Antarctica (1983) ၊ The Bounty (1984) ၊ 1492: Conquest Of Paradise (1992) နဲ့ Alexander (2004) တို့ကလည်း ကျော်ကြားခဲ့ပါတယ်။ Vangelis ဟာ Electronic Music ၊ Modern Film Music သမိုင်းတွေမှာ အရေးပါဆုံး ဂီတပညာရှင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

အနုပညာသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်တဲ့ Vangelis ဟာ ပြင်သစ်ဆေးရုံတစ်ခုမှာ COVID-19 ရောဂါ ကုသမှုခံယူနေတုန်း မေလ ၂၀ ရက်နေ့မှာ ကွယ်လွန် သွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နာရေးသတင်း ကြေညာပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် Kyriakos Mitsotakis က ကြေကွဲဝမ်းနည်းကြောင်း Tweet တင်ခဲ့ပါတယ်။

Featured Photo : The Guardian