ဒရမ်သမားတွေဟာ တေးဂီတ တီးဝိုင်းအဖွဲ့ တစ်ခုရဲ့ မရှိမဖြစ် အရေးပါသူတွေလို့ ပြောနိုင်ပါတယ်။ ဒရမ်အသံမပါဘဲ ဂီတစည်းချက်ကို စိတ် ကူးကြည့်လို့တောင် မရနိုင်ပါဘူး။ ဂီတလောကမှာ ယောက်ျားလေး ဒရမ်သမားတွေက ပိုပြီး ရေပန်းစားတယ်ဆိုတာမှန်ပေမယ့် ဂီတသမိုင်းတစ်လျောက်ကို ပြန်ကြည့်မယ်ဆိုရင် ရှေးရာစုနှစ်များစွာထဲက ဂီတတီးဝိုင်းအဖွဲ့တွေမှာ အမျိုးသမီး ဒရမ်သမားတွေ ပါဝင်တီးခတ်ခဲ့ကြတယ်ဆိုတာကိုတော့ ငြင်းဆိုလို့ မရနိုင်ပါဘူး။ ဂီတဆိုတာ လွတ်လပ်မှုကို အခြေခံတဲ့ သဘောတရားရှိတာကြောင့် ယောကျာ်းလေးမှ ဒရမ်တီးခွင့်ရှိမယ် မိန်းကလေး ဒရမ်မတီးရဘူးဆိုတဲ့ ကန့်သတ် တားမြစ်ချက်မျိုးလည်း မရှိတာအမှန်ပါ။ ဒီတစ်ခေါက်မှာတော့ အမျိုးသမီး ဂီတနဲ့ တူရိယာပညာရှင် လူငယ်မျိုးဆက်သစ်တွေအတွက် စိတ်ခွန်အားရစေမယ့် ဂီတသမိုင်းတစ်လျှောက် ထာဝရ အကောင်းဆုံး အမျိုးသမီး ဒရမ်သမား တွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Cindy Blackman

Source : Drumeo

သူမရဲ့ နာမည်အရင်းကတော့ Cindy Blackman Santana ပါ။ ဂီတလောကထဲမှာတော့ Cindy Blackman လို့ လူသိများပါတယ်။ သူမက အမေရိကန် အမျိုးသမီး ဒရမ်သမား တစ်ဦးဖြစ်ပြီး ၁၉၅၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ မွေးခဲ့ပါတယ်။  ငယ်စဉ်ကလေးဘဝ ကတည်းက ဒရမ်စတင်တီးခတ်ခဲ့သူ ဖြစ်ပြီး အသက် ၁၄ နှစ်မှာ ပထမဆုံး ကိုယ်ပိုင် Drum Set တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ Cindy က Jazz နဲ့ Rock ဂီတ ဒရမ်သမားတစ်ဦး ဖြစ်ပြီး Jazz တေးအယ်လ်ဘမ်ပေါင်း များစွာအတွက် ပါဝင်တီးခတ်ပေးခဲ့ပါတယ်။ Pharoah Sanders ၊ Sonny Simmons ၊ Ron Carter ၊ Sam Rivers ၊ Cassandra Wilson ၊ Angela Bofill ၊ Buckethead ၊ Bill Laswell ၊ Lenny Kravitz ၊ Joe Henderson နဲ့ Joss Stone တို့လို နာမည်ကြီး Jazz ဂီတပညာရှင်တွေနဲ့ ဂီတဖန်တီးမှုတွေ အတူတွဲ လုပ်ကိုင်ခဲ့တဲ့ ထာဝရ အကောင်းဆုံး အမျိုးသမီး ဒရမ်သမားတွေထဲကတစ်ဦး ဖြစ်ပါတယ်။

(၂) Moe Tucker

Source : TheWendyHour

Moe Tucker လို့ နာမည်ကြီးသလို Maureen Ann လို့လည်း လူသိများတဲ့ သူမကတော့ အမေရိကန် ဒရမ်သမား နဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူမကို ၁၉၄၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ မွေးခဲ့ပြီး အသက် ၁၉ နှစ်မှာ ဒရမ်စတင် တီးခတ်ခဲ့ပါတယ်။ New York City အခြေစိုက် ရော့ခ်ဂီတ တီးဝိုင်းအဖွဲ့ The Velvet Underground ရဲ့ ပင်တိုင် ဒရမ်သမားအဖြစ် ပါဝင်တီးခတ်ခဲ့ပြီး သူမရဲ့ Unique ဖြစ်တဲ့ ဒရမ်းတီးခတ်မှု စတိုင်ကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။ ၁၉၇၀ အစောပိုင်းမှာ Band ကွဲပြီး ဂီတလောကနေ ခဏတာ အနားယူသွားခဲ့ပေမယ့် ၁၉၈၀ ဝန်းကျင်မှာတော့ ဂီတလောကထဲ ပြန်လည်ဝင်ရောက်ကာ ၉၀ ပြည့်နှစ်တွေအထိ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ The Kropotkin’s ၊ Half Japanese ၊ John Cale တို့နဲ့ အတွဲအလုပ်လုပ်ခဲ့ပြီး ထာဝရအကောင်းဆုံး အမျိုးသမီး ဒရမ်သမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပဲ ဖြစ်ပါတယ်။

(၃) Anika Nilles

Source : Anika Nilles

Anika Nilles ကတော့ ဂျာမန် ဒရမ်သမား၊ ဂီတပညာရှင်နဲ့ တေးရေးဆရာ တစ်ဦး ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် မေလ ၂၉ ရက်နေ့မှာ မွေးခဲ့ပြီး ဒရမ်သမား မိသားစုကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။ သူမ အသက် ၆ နှစ်မှာ ဒရမ်စတင် တီးခတ်ခဲ့ပြီး ဒရမ်တီးခတ်ခြင်းအပေါ် ရူးသွပ်ခုံမင် သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Drummie Awards နဲ့ Music Radar ဆု ၃ ဆု ရရှိထားတဲ့ ထာဝရအကောင်းဆုံး အမျိုးသမီး ဒရမ်သမားတစ်ဦး ဖြစ်ပါတယ်။

(၄) Meg White

Source : Vazir & Cat

Meg White ကတော့ အမေရိကန် ဒရမ်သမား ၊ အဆိုတော်နဲ့ ဂီတပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ နာမည်အရင်းက Megan Martha White ဖြစ်ပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မွေးခဲ့ပါတယ်။ အရင်က စားသောက်ဆိုင်မှာ အလွတ်တန်း ဒရမ်သမားတစ်ဦးအဖြစ် ဖျော်ဖြေတီးခတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ The White Stripes လို့နာမည်ပေးထားတဲ့ နာမည်ကြီး Rock duo အဖွဲ့ရဲ့ ဒရမ်သမားနဲ့ အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဂီတစွမ်းရည်တွေကြောင့် ပရိသတ်တွေကြားမှာ လူပြောများရေပန်းစားခဲ့ပြီး ထာဝရ အကောင်းဆုံး အမျိုးသမီး ဒရမ်သမား တစ်ဦးအဖြစ် ချီးကျူးခံထားရသူ ဖြစ်ပါတယ်။

(၅) Patty Schemel

Source : demonscars

Patricia Theresa Schemel ကတော့ နာမည်ကြီး အမေရိကန် အမျိုးသမီး ဒရမ်သမား တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူမကို ၁၉၆၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မွေးခဲ့ပါတယ်။ အမေရိကန် နာမည်ကြီး Alternative Rock ဂီတအဖွဲ့ Hole မှာ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ပါဝင်တီးခတ်ခဲ့ပြီး Hole Band နဲ့အတူ ဂီတလမ်းကြောင်းပေါ်မှာ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ Sharkmuffin ၊ Juliette And The Licks ၊ Lucid Natione နဲ့ Upset Band တွေနဲ့လည်း အလုပ်တွဲလုပ်ခဲ့ပြီး ထာဝရ အကောင်းဆုံး အမျိုးသမီး ဒရမ်သမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

Featured Photo : Popakademie Baden-Württemberg