တနင်္လာနေ့က အယ်လ်-ဟီလယ်အသင်းကို ၂ – ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဆော်ဒီစူပါဖလားရှူံးထွက်ပွဲစဉ်မှာ အယ်လ်-နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပြိုင်ဘက်အသင်း ကစားသမားကို တံတောင်ကျွေးလိုက်တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံ လိုက်ရပါတယ်။

Cristiano Ronaldo

Photo : The Sun

ပွဲစဉ်ဒုတိယပိုင်း မိနစ်အတွင်း ပြိုင်ဘက်အသင်းက ၂ – ၀ ဂိုးနဲ့ ဦးဆောင်နေချိန် ချေပဂိုးသွင်းယူဖို့ စိတ်လောနေတဲ့ ပေါ်တူဂီ စူပါစတားဟာ လက်ပစ်ဘောမြှောက်ရာမှာ ဘောလုံးကို အတင်းဝင်လုဖို့ ကြိုးပမ်းခဲ့တဲ့ အယ်လ်-ဟီလယ် ကစားသမား ဘူလာဟီရဲ့ ရင်ဘတ်ကို တံတောင်နဲ့ ပြင်းပြင်းထန်ထန် ပစ်ဝင်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ပြိုင်ဘက်အသင်းနှစ်သင်းကြားမှာ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ပွားခဲ့ရသလို ချဲလ်ဆီး နောက်ခံလူဟောင်း ကူလီဘာလီနဲ့ အယ်လ်-နာဆာအသင်း ကစားသမားတွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေလည်းရှိခဲ့ပြီး မန်စီးတီး ကစားသမားဟောင်း လာပေါ့တ်ရဲ့ ကြားဝင်ဖြန်ဖြေပေးခဲ့မှုကြောင့် ကစားသမားတွေကြားက တင်းမာတွေ ပြေလျော့သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒိုင်လူကြီးကတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ ရော်နယ်ဒို ကို အနီကတ်ပြထုတ်ပယ်လိုက်ပြီး ဒီဆုံးဖြတ်ချက်အပေါ် အယ်လ်-နာဆာ အသင်းခေါင်းဆောင်ဟာ ဒေါသအကြီးအကျယ် ထွက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒို ကွင်းထဲက ထွက်လာချိန်မှာတော့ ပြိုင်ဘက်အသင်းပရိသတ်အုပ်ထဲကနေ “မက်ဆီ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပေါ်တူဂီကြယ်ပွင့်ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

Cristiano Ronaldo

Photo : Reuters

အယ်လ်-နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အယ်လ်-ဟီလယ်နောက်ခံလူ ဘူလာဟီ တို့ ထိပ်တိုက်တွေ့ဆုံခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာလည်း ရော်နယ်ဒိုနဲ့ ထိပ်တိုက်ညှိစွန်းခဲ့ဖူးပြီး ပွဲပတ်ရှာနေတဲ့ အယ်လ်-ဟီလယ် ဝါရင့်နောက်ခံလူ ဘူလာဟီဟာ လီယွန်နယ် မက်ဆီ ၊ ဆွန်ဟောင်မင် တို့နဲ့လည်း ကွင်းအတွင်း တင်းမာတဲ့ အခြေအနေတွေ ရှိခဲ့ဖူးပါတယ်။

Featured Photo : The Sun