ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အင်္ဂါနေ့က အက်ဘ်ဟာကို ၀-၈ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ် အဝေးကွင်းပွဲစဉ်မှာ အယ်လ်နာဆာအသင်းအတွက် ပွဲချိန်ပထမပိုင်း မိနစ်အတွင်းမှာတင် ဖရီးကစ်ကန်ချက်ကနေ သွင်းဂိုး ၂ ဂိုး အပါအဝင် ရပ်တန့်မရနိုင်တဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့ စီနီယာကစားသမား ဘဝတစ်လျှောက် ၆၅ ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါပြီ။

Ronaldo

Photo : Goal.com

အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီ စူပါစတားဟာ ပြီးခဲ့တဲ့အပတ်က အယ်လ်တိုင်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ဆုံး ၂ပွဲ ဆက် ဟက်ထရစ်ရှင် ဖြစ်လာခဲ့သလို မဟာပြိုင်ဘက် GOAT ကြီး လီယွန်နယ် မက်ဆီထက် စုစုပေါင်း ဟက်ထရစ် ၈ ကြိမ် ပိုသာသွားပြီပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ် သွင်းဂိုးကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရရှိခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီလတုန်းက နယူးကာဆယ်အသင်းကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး မန်ချက်စတာ ယူနိုက်တက်အတွက် နောက်ထပ် ဟက်ထရစ် ၂ ကြိမ် သွင်းယူနိုင်ခဲ့ပြီး သရဲနီတွေနဲ့အတူ စုစုပေါင်း ဟက်ထရစ် ၃ ကြိမ် ရထားပါတယ်။

Ronaldo

Photo : Goal.com

ဒါပေမယ့် ရော်နယ်ဒို ရဲ့ ကစားသမားဘဝဟက်ထရစ် သွင်းဂိုးအများစုကိုတော့ လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်ကို ကျော်ဖြတ်ခဲ့တဲ့ မက်ဒရစ်ဒါဘီမှာ ၃ ကြိမ် အပါအဝင် စပိန်ဘီလူးကြီးတွေအတွက် စုစုပေါင်း ဟက်ထရစ် ၄၄ ကြိမ် အထိ မှတ်တမ်းတင် သွင်းယူနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ဂျူဗင်တပ်စ် ကစားသမားဘဝမှာ ဟက်ထရစ် ၃ ကြိမ် ၊ ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ဟက်ထရစ် ၁၀ ကြိမ်နဲ့ လက်ရှိ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းနဲ့အတူ ဟက်ထရစ် ၅ ကြိမ် သွင်းယူထားပါတယ်။

Featured Photo : Goal.com