ဂီတသမိုင်းတစ်လျောက်မှာ Elvis Presley ၊ John Lennon ၊ Freddie Mercury  တို့လို အအောင်မြင်ဆုံး ရော့ခ်အဆိုတော်တွေ များစွာရှိပါတယ်။ တစ်ချို့က Band နဲ့တွဲပြီး လူသိကြသလို တစ်ချို့ကလည်း တစ်ကိုယ်တော် ထိုးဖောက်မှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို ရရှိကြပါတယ်။ Band တစ်ခုမှာ အဆိုသမားတွေဟာ အရေးပါဆုံးလူတွေ ဖြစ်သလို တီးဝိုင်းကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေလည်း ဖြစ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂီတချစ်သူ ကွီးတို့အတွက် ရောခ့်ဂီတ သမိုင်းမှာ နာမည်ကြီးတဲ့ အဆိုတော်တွေ များစွာရှိတဲ့အထဲကမှ ထာဝရ အကောင်းဆုံး ရော့ခ် အဆိုတော် ၅ ဦး အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Robert Plant

Robert Plant ကတော့ အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ Led Zeppelin တီးဝိုင်းရဲ့ အဆိုတော်နဲ့ တေးရေးဆရာအဖြစ် လူသိများကျော်ကြားပါတယ်။ Robert ကို ၁၉၄၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ Led Zeppelin တီးဝိုင်းနဲ့အတူ ၁၉၆၀ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်တွေအတွင်း တဟုန်ထိုး အောင်မြင်မှု အကြီးအကျယ် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ လေးနက်ပြီး ထင်ရှားတဲ့အသံပိုင်ရှင် Robert ဟာ ရော့ခ်ဂီတလမ်းကြောင်းပေါ်မှာ နှစ်ပေါင်း ၅၀ ကျော် အကောင်းဆုံးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပြီး ၂၀၀၉ ခုနှစ်က Planet Rock ပြုလုပ်တဲ့ စစ်တမ်းတွေအရ ရော့ခ်ဂီတသမိုင်းမှာ အကြီးကျယ်အခမ်းအနားဆုံး အသံပိုင်ရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

(၂) Chris Cornell

Christopher John Cornell ကတော့ ကျော်ကြားတဲ့ အမေရိကန်အဆိုတော်နဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်ပြီး ၁၉၆၄ ခုနှစ် ဇူလိုင်လ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Chris ကို Soundgarden နဲ့ Audioslave ရော့ခ်ဂီတအဖွဲ့တွေရဲ့ အဆိုသမားနဲ့ ဂစ်တာသမား တစ်ဦးအဖြစ် လူသိများပါတယ်။ သူဟာ တေးရေးဆရာတစ်ဦးဖြစ်သလို ထူးခြားတဲ့ အသံပါဝါနဲ့ ထာဝရ အကောင်းဆုံး ရော့ခ်အဆိုတော်တစ်ဦး အဖြစ်သတ်မှတ်ခြင်း ခံထားရပါတယ်။ ဂရမ်မီဆု ၁၈ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဆု ၃ ဆု ရရှိခဲ့ကာ ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့မှာတော့ ကွယ် လွန်သွားခဲ့ပါတယ်။

(၃) Mick Jagger

Sir Michael Philip Jagger ကိုတော့ ၁၉၄၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ မွေးခဲ့ပါတယ်။ နာမည်ကြီး ရော့ခ်တီးဝိုင်းအဖွဲ့ Rolling Stones Band ကို စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ Keith Richards နဲ့ Mick Jagger တို့နှစ်ဦးကတော့ ဂီတလောကထဲကနာမည်အကြီးဆုံး သီချင်းရေးဆရာတွေအဖြစ် ထင်ရှားကျော်ကြားခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ Rock and Roll Hall of Fame မှာပါဝင်လာခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Rolling Stones နဲ့အတူ UK Music Hall of Fame မှာ ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

(၄) Roger Daltrey

Roger Harry Daltrey ကတော့ နာမည်ကြီး အင်္ဂလိပ် အဆိုတော်နဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး သူ့ကို ၁၉၄၄ ခုနှစ် မတ်လ ၁ ရက်နေ့မှာ မွေးခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာ The Who ရော့ခ်တီးဝိုင်းအဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့ပြီး တီးဝိုင်းရဲ့ အဆိုသမားအဖြစ် လုပ်ကိုင်ခဲ့သလို တစ်ကိုယ်တော် တေးသီချင်းတွေလည်း များစွာဖန်တီးခဲ့ပါတယ်။ သူရဲ့ နာမည်အကြီးဆုံး တစ်ကိုယ်တော် အမိုက်စားသီချင်းတွေကတော့ “Giving It All Away”၊ “Walking the Dog”၊ “Written on the Wind”၊ “Free Me”၊ “Without Your Love” နဲ့ “Under a Raging Moon” တို့ဖြစ်ပြီး ရော့ခ်ဂီတသမိုင်းရဲ့ အကောင်းဆုံး အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

(၅) Jim Morrison

James Douglas Morrison ကတော့ အမေရိကန် ရော့ခ်အဆိုတော်နဲ့ သီချင်းရေးဆရာတစ်ဦးဖြစ်ပြီး ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ မွေးခဲ့ပါတယ်။ The Doors ရော့ခ်တီးဝိုင်းအဖွဲ့ရဲ့ အဓိက အဆိုသမားအဖြစ်လူသိများပြီး ၁၉၉၃ ခုနှစ်မှာ The Doors အဖွဲ့ဝင်အဖြစ် Rock and Roll Hall of Fame မှာပါဝင်လာခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ဇူလိုင် ၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ရော့ခ်ဂီတသမိုင်းမှာ ထာဝရ အကောင်းဆုံး အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။

Featured Photo : Siachen Studios