ကမ္ဘာကျော် ဂီတမဂ္ဂဇင်းကြီးတစ်ခု ဖြစ်တဲ့ Rolling Stone ဟာ ၂၀၀၄ ခုနှစ်မှာ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး သီချင်း ပေါင်း ၅၀၀ စာရင်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းကို Rolling Stone 500 ( RS 500 ) လို့လည်း အလွယ်ခေါ်ကြပါတယ်။ RS 500 မှာ အနုပညာရှင် ၊ ဂီတပညာရှင် ၊ ထုတ်လုပ်သူ ၂၅၀ ကျော်ဆီက အကြိုက်တွေ့ဆုံး သီချင်းတွေကို မဲအဖြစ် Poll လုပ်ပြီး ရွေးချယ်ထားတာပါ။ ဂီတအမျိုးအစားအနေနဲ့ Rock ၊ Hip-Hop ၊ Modern Country ၊ Indie Rock ၊ Latin Pop ၊ Reggae နဲ့ R&B စတဲ့ ဘက်ကနေ သီချင်းပေါင်း ၄၀၀၀ နီးပါး Vote လုပ်ခဲ့တဲ့အထဲကနေ ထိပ်တန်းအကောင်းဆုံးအဖြစ် ပြန်စီစစ်ရွေးခဲ့ပါတယ်။ ဒီထဲကမှ ထိပ်ဆုံး သီချင်း ၅ ပုဒ်အကြောင်း ဖော်ပြလိုက်ပါတယ်။

(၅) Nirvana – ‘Smells Like Teen Spirit’

 

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ Nirvana ရဲ့ အထင်ကရသီချင်းများစွာထဲမှာ ချန်ထားလို့ မရတဲ့ သီချင်းတစ်ပုဒ်က Smells Like Teen Spirit ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်က Nevermind အယ်လ်ဘမ်မှာ ပါပြီး Nirvana ရဲ့ နယ်လှည့်ဖျော်ဖြေရေးပွဲတိုင်းမှာ ကတ် ကိုဘိန်းကို ဒီသီချင်းဆိုဖို့ အမြဲပွဲတောင်းလွန်းလို့တောင် စိတ်ညစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ နားဆင်သူတွေအဖို့တော့ ဒီ သီချင်း ရဲ့ သံစဉ် ၊ တီးလုံး နဲ့  ကတ် ကိုဘိန်းရဲ့ အက်ရှရှ ဆိုပေါက်ဟာ နားထဲမှာ ဘယ်တော့မှ ငြီးငွေ့မသွားနိုင်အောင် ဆွဲဆောင်မှုရှိပါတယ်။

(၄) Bob Dylan – ‘Like a Rolling Stone’

အနုပညာမြောက်တဲ့ သီချင်းတွေ ဖန်တီးခဲ့လို့ ၂၀၁၆ နိုဘယ်စာပေဆုရ ကမ္ဘာကျော်အမေရိကန်အဆိုတော်နဲ့ တေးရေးပညာရှင် ဘော့ပ်ဒိုင်လန်ရဲ့ အကြီးကျယ်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Like A Rolling Stone သီချင်းကို အသက် ၂၄ နှစ်အရွယ်မှာ ဖန်တီးခဲ့တာပါ။ ကမ္ဘာကျော်သီချင်းပေါင်း များစွာကို သီဆိုဖန်တီးခဲ့သူ ဘော့ပ်ဒိုင်လန်ကိုယ်တိုင်က Rolling Stone သီချင်း က သူရေးခဲ့တဲ့ သီချင်းတွေထဲမှာ အကောင်းဆုံးလို့ ပြောခဲ့ပါတယ်။

(၃) Sam Cooke – ‘A Change Is Gonna Come’

အမေရိကန်ရဲ့ ပထမဆုံး Soul Singer လည်း ဖြစ် ဩဇာအကြီးဆုံး Pop ဂီတလမ်းဖော်သူလည်း ဖြစ်တဲ့ ဆမ်ကွတ်ကီဟာ ဘော့ပ်ဒိုင်လန်ရဲ့ Blowin’ In The Wind သီချင်းကို နားထောင်ပြီးနောက်မှာ ဒိုင်လန်လို လူဖြူအဆိုတော်ထက် သာအောင်ဆိုပြီး A Change Is Gonna Come ကို ရေးခဲ့တာပါ။ ဒီသီချင်းကို ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသံသွင်းခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကွတ်ကီဟာ L.A မိုတယ်တစ်ခုမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

(၂) Public Enemy – ‘Fight the Power’

လူမည်းတွေရဲ့ ရုန်းကန်မှုအကြောင်းကို ခံစားဖွဲ့ဆိုထားတဲ့ သီချင်းဖြစ်ပြီး အမေရိကန် Hip Hop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Public Enemy အဖွဲ့က ၁၉၈၉ ခုနှစ်မှာ ဖြန့်ချိထားတာပါ။ Fight The Power ဟာ လူ့အခွင့်အရေး ဖော်ထုတ်ချက် ၊ အာဖရိကန်-အမေရိကန် ယဉ်ကျေးမှု ၊ ဂျိမ်းစ်ဘရောင်းရဲ့ ဂီတတို့ အစုံ တွေ့မြင်ခံစားရမယ့် သီချင်း လည်း ဖြစ်ပါတယ်။

(၁) Aretha Franklin – ‘Respect’

Rolling Stone ရဲ့ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး သီချင်း ၅၀၀ စာရင်းမှာ အမေရိကန်အဆိုတော် နဲ့ စန္ဒယားပညာရှင် အရီတာ ဖရန်ကလင်ရဲ့ Respect သီချင်းက နံပါတ်တစ် အဖြစ် ရပ်တည်နေပါတယ်။ Soul ဘုရင်မအဖြစ် တင်စားခံရသူ ဖရန်ကလင်ဟာ အရောင်းရဆုံး အဆိုတော်တစ်ဦးဖြစ်ပြီး Respect အပြင် I Never Loved A Man (The Way I Love you) ၊ (You Make Me Feel Like) A Natural Woman ၊ Chain Of Fools ၊ Think နဲ့ I Say A Little Prayer တို့လို ကမ္ဘာကျော်သီချင်းတွေလည်း သီဆိုခဲ့သူ ဖြစ်ပါတယ်။

Featured Photo : Forbes