နိုင်ငံတစ်နိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ ထိုနိုင်ငံရဲ့ ယဥ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတို့ကို လိုက်နာဖို့ လိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ လည်ပတ်လို့ကောင်းပြီး လှပတဲ့ နေရာဒေသများသည် အများအပြားရှိပါတယ်။ ထိုနိုင်ငံများထဲတွင် ထိုင်း နိုင်ငံသည်လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုလည်းဖြစ်တဲ့ ထိုင်း နိုင်ငံသို့ သွားရောက် လည်ပတ် တဲ့အခါ လိုက်နာရမယ့် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချို့ရှိပါတယ်။

ကွီးတို့အနေနဲ့ ထိုင်း နိုင်ငံသို့ အလုပ်ကိစ္စနဲ့ သွားရောက် လည်ပတ် တဲ့အခါပဲဖြစ်ဖြစ်၊ အပျော်ခရီးသပ်သပ် ထွက်တဲ့အခါပဲဖြစ်ဖြစ် အခုဖော်ပြပေးမယ့်အချက်များကို သိထားသင့်ပါတယ်။

ခြင်ကိုက် မခံရအောင် ကာကွယ်ပေးမယ့် ခြင်လိမ်းခရင်မ် (သို့) စပရေး ယူသွားပါ

ထိုင်း လည်ပတ်

Photo: Wanderlust

သင် သွားတဲ့ နေရာဒေသပေါ်မူတည်ပြီး အချို့နေရာများသည် ခြင်ပေါနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါသည်လည်း ယနေ့ထိတိုင် အဖြစ်များနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသွားများ လည်ပတ်မှုနည်းတဲ့ နေရာတွေမှာ ခြင်တွေ ပိုပေါပါတယ်။ သင့်အနေနဲ့ ကိုယ် သွားရောက်လည်ပတ်ရမယ့်နေရာက မြို့လယ်ခေါင်ကျတယ်ဆိုရင်တော့ ခြင်လိမ်းခရင်မ်များ ယူသွားဖို့မလိုပေမယ့် ချောင်ကျကျနေရာမျိုးကို သွားရောက်လည်ပတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ မဖြစ်မနေ ယူဆောင်သွားသင့်ပါတယ်။

နေရာဒေသနှင့် လိုက်လျောညီထွေစွာ ဝတ်ဆင်သွားလာပါ

ထိုင်း လည်ပတ်

Photo: Samuiholiday

တော်ဝင်နေရာများ၊ နန်းတော်များ၊ ဘုရားကျောင်းကန်များသို့ သွားရောက်လည်ပတ်တဲ့အခါ မိမိဝတ်ဆင်တဲ့ အဝတ်အစားများသည် သူတစ်ပါး ယဥ်ကျေးမှု၊​ ဓလေ့စရိုက်တို့ကို လေးစားရာရောက်အောင်၊ မထီမဲ့မြင် ပြုတာမျိုး မဖြစ်ရလေအာင် ဝတ်ဆင်သင့်ပါတယ်။ ပုခုံးနှင့် ဒူးဖုံးအောင် ဝတ်ဆင်ရမှာဖြစ်ပြီး လုံလုံခြုံခြုံ ဝတ်ဆင်သွားလာဖို့ လိုအပ်ပါလိမ့်မယ်။

ဒါပေမယ့် ကွီးတို့သည် ထိုင်း နိုင်ငံအတွင်းရှိ ကမ်းခြေများသို့ သွားရောက် လည်ပတ် တဲ့အခါမှာတော့ ကွီးတို့စိတ်ကြိုက် ပေါ့ပါးလွတ်လပ်တဲ့ ဒီဇိုင်းများကို ဝတ်ဆင်နိုင်ပါတယ်။

သေချာစုံစမ်းစစ်ဆေးပါ

ထိုင်း လည်ပတ်

ထိုင်းနှင့် မြန်မာသည် ယခင်ဘုရင်များလက်ထက်က ရန်ငြိုးရန်စရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းကျမှ ထိုင်း မြန်မာ ချစ်ကြည်ရေးကြောင့် ပြန်လည်ပြေလည်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုများ ပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်။ ယခုဆိုလျှင် လူနေမှုအဆင့်အတန်း များစွာ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပြီး ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုများသည်လည်း အရှိန်အဟုန်မြင့်ကာ တိုးတက်နေပြီပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ထိုင်း နိုင်ငံသို့ သွားရောက် လည်ပတ် တဲ့အခါ သူတို့ကို ယိုးဒယား လို့ မခေါ်မိစေဖို့ပါပဲ။ သူတို့သည် ယိုးဒယား လို့ အခေါ်ခံရတာကို အင်မတန်ရွံ့မုန်းကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ တိုင်းတစ်ပါးသို့ ဧည့်သည်အဖြစ် အလည်သွားတဲ့အခါ အိမ်ရှင်တွေ မကြိုက်တဲ့အရာမျိုးကို ရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။

နေလောင်ကာခရင်မ်ကိုလည်း မမေ့ပါနဲ့

ထိုင်း လည်ပတ်

ခရမ်းလွန်ရောင်ခြည်ဒဏ်သည် ယနေ့ခေတ်မှာ လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ အရေပြားကင်ဆာ ဖြစ်ပွားရခြင်းသည် ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းထန်တဲ့ ရောင်ခြည်များကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ကမ်းခြေများဆီသို့ အလည်သွားတဲ့အခါ နေလောင်ကာခရင်မ်ကို မမေ့မလျော့ ယူဆောင်သွားသင့်ပါတယ်။ ဒါ့အပြင် အပြင် ထွက်တော့မယ်ဆိုတာနဲ့ ထိုခရင်မ်ကို ခန္ဓာကိုယ်အနှံ့ လိမ်းကျံပြီးမှသာလျှင် အပြင်ထွက်သင့်ပါတယ်။ ဒါမှသာ အသားအရေက ပျက်စီးညိုမဲမသွားမှာပဲ ဖြစ်ပါတယ်။

ဖိနပ် ချွတ်ဖို့လည်း မမေ့ပါနှင့်

ထိုင်း လည်ပတ်

Photo: Learnthaiwithmod

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်တဲ့အားလျော်စွာ ယဥ်ကျေးမှုချင်းလည်း ဆင်တူပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း အပြင်မှာ စီးတဲ့ဖိနပ်ကို အိမ်ပေါက်ဝမှာ ချွတ်ထားခဲ့ရတာမျိုး၊ ဘုရားကျောင်းကန်များ၊ စေတီပုထိုးများ၊ ဘုရားရင်ပြင်ပေါ်သို့ တက်ရောက်တဲ့အခါမှာလည်း ဖိနပ်များကို သတ်မှတ်ထားတဲ့နေရမှာ ချွတ်ခဲ့ရမှာပဲဖြစ်ပါတယ်။ ဘုရားရင်ပြင်ပေါ်မှာ ခြေအိတ်ဝတ်ပြီး တက်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ မြန်မာ့ယဥ်ကျေးမှုနှင့် နီးစပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒီအရာကိုတော့ အထူးတလည် လိုက်နာစရာမလိုဘဲ အလိုအလျောက် လိုက်နာပြီးသားဖြစ်မှာပါ။

ဘုရင်စနစ်နှင့် ထိုင်းလူမျိုးများရဲ့ ယဥ်ကျေးမှုကိုလည်း လေးစားပါ

ထိုင်း လည်ပတ်

Photo: Family.lovetoknow

ထိုင်းလူမျိုးများသည် သူတို့ရဲ့ ဘုရင်ကို အင်မတန်မှ ချစ်ခင်လေးစားကြတာဖြစ်ပါတယ်။ ယခင် ဘုရင်အဟောင်း နတ်ရွာစံတဲ့အခါတုန်းက တစ်တိုင်းတစ်ပြည်လုံး ပူဆွေးသောက ရောက်ခဲ့ရတာဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုင်း နိုင်ငံသို့ သွားရောက် လည်ပတ် တဲ့အခါ ထိုင်းဘုရင်နှင့် တော်ဝင်မိသားစုများကို ဝေဖန်ပုတ်ခတ်ခြင်းများ မပြုလုပ်သင့်ပါဘူး။ သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းများကို လိုက်နာရမှာဖြစ်ပြီး မထီမဲ့မြင်ပြုခြင်းမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။

လက်ညှိုးမထိုးပါနှင့်

man pointing

Photo: iStock

ကျနော်တို့ မြန်မာနိုင်ငံမှာလည်းပဲ လက်ညှိုးထိုးခြင်းသည် ရိုင်းစိုင်းတဲ့ အပြုအမူအဖြစ် သတ်မှတ်ထားသလိုပဲ သူတို့နိုင်ငံမှာလည်း ထိုနည်းအတိုင်းပါပဲ။ အနောက်နိုင်ငံသားများအဖို့တော့ လက်ညှိုးထိုးခြင်းသည် သာမန်အမူအရာတစ်ခုသာဖြစ်ပေမယ့် အရှေ့နိုင်ငံများမှာတော့ ရိုင်းစိုင်းသော အပြုအမူအဖြစ် သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

ခြေထောက်များကို ထင်သာ မြင်သာအောင် မပြပါနှင့်

man feet

Photo: Bellevuefootdoctor

ခြေထောက်တွေသည် ဖုန်မှုန့်များနှင့် ကပ်ညှိနေတတ်ပြီး ညစ်ပတ်သောအရာအဖြစ် သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်ခုံဖြင့် ထိုင်တဲ့အခါမှာ ခြေထောက်ချကာ ထိုင်ရမှာဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ တင်ပလင်ခွေထိုင်မယ်ဆိုရင်တောင်မှာ ခြေဖဝါးနှစ်ဖက်ကို ပေါင်အောက်တွင် လူအများ မမြင်သာအောင် ဝှက်ထားရမှာ ဖြစ်ပါတယ်။

အခြားသူတစ်ယောက်ယောက်ရဲ့ ဦးခေါင်းကို မထိပါနှင့်

touching other people head

Photo: Quizzclub

လူတစ်ယောက်ရဲ့ ဦးခေါင်းသည် မြင့်မြတ်သော အရာတစ်ခုဖြစ်တာကြောင့် သူတစ်ပါးရဲ့ ဦးခေါင်းကို ထိတွေ့ကိုင်တွယ်ခြင်း၊ ဦးခေါင်းကို ပုတ်ခြင်း အစရှိတဲ့ အပြုအမူများကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ မိမိနှင့် ဘယ်လောက်ပဲ ရင်းနှီးနေပါစေ၊ ထိုအပြုအမူမျိုးကိုလည်း ရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။

နောက်ဆုံး အရေးအကြီးဆုံး တစ်ချက်ကတော့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လည်ပတ်မှုခရီးစဥ်ကို ပျော်ပျော်ပါးပါးကြီးသာ ပျော်ပစ်ခဲ့ပါ။

Source: Thekohsamuiguide

Featured Image: Traveloffpath